ဤကျင့်ထုံးဥပဒေအရ ပြုလုပ်သည့် မည်သည့် စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးစီရင်မှု ၊ သို့မဟုတ် အခြား မှုခင်းကိစ္စဆောင်ရွက်မှုတွင်မဆို ယခင်က ပြစ်မှုထင်ရှားစီရင်ခဲ့ခြင်း၊ သို့မဟုတ် အမှုမှအပြီးအပြတ် လွှတ်ခဲ့ခြင်းကို တည်ဆဲဥပဒေတစ်ရပ်ရပ်က ပြဋ္ဌာန်းထားသည့် အခြား နည်းလမ်း တစ်စုံတစ်ရာအပြင် -
(က) အဆိုပါ ပြစ်မှုထင်ရှားစီရင်ခြင်း၊ သို့မဟုတ် အမှုမှ အပြီးအပြတ် လွှတ်ခြင်းကို ပြုလုပ်ခဲ့သည့် တရားရုံး၏ အမှုတွဲမှတ်တမ်းများကို ထိန်းသိမ်းရသည့် အရာရှိက စီရင်ချက်၊ သို့မဟုတ် အမိန့်မိတ္တူ၊ မှန်ကန်ကြောင်းကို ကိုယ်တိုင်လက်မှတ်ရေးထိုးသည့် ကောက်နုတ် ချက်ကို၊ သို့မဟုတ်
(ခ) ပြစ်မှုထင်ရှားစီရင်သည့်အမှုတွင် ပြစ်ဒဏ်တစ်ရပ်လုံး၊ သို့မဟုတ် တစ်စိတ် တစ်ပိုင်းကို ကျခံရာအကျဉ်းထောင်၏ တာဝန်ခံအရာရှိက မှန်ကန်ကြောင်း လက်မှတ်ရေးထိုးထားသော သက်သေခံလက်မှတ်၊ သို့မဟုတ် ကျခံပြီးသော ပြစ်ဒဏ်နှင့် စပ်လျဉ်းသည့် ထောင်ချဝရမ်းကို
ထိုကဲ့သို့ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ၊ သို့မဟုတ် အမှုမှအပြီးအပြတ်လွှတ်ခြင်းခံရသူမှာ တရားခံပင်ဖြစ်ကြောင်း သက်သေခံချက်နှင့်တကွ တင်ပြခြင်းဖြင့် ထင်ရှားအောင် ပြုလုပ်နိုင်သည်။