ပုဒ်မ ၁၀၅
ပုဒ်မ ၁၀၅
တရားခံ အပေါ်စွဲဆိုထားသောအမှုသည်ကင်းလွတ်ချက်များတွင် အကျုံးဝင်ကြောင်းသက်သေထင် ရှားတင်ပြရန်တာဝန်

တစ်ဦးတစ်ယောက်သည် ပြစ်မှုတစ်ခုခုကျူးလွန်သည်ဟု စွဲဆိုခြင်းခံရသည့်အခါ ပြစ်မှုဆိုင်ရာ ဥပဒေပါကင်းလွတ်မြဲအချက်များအနက်မှ အချက်တစ်ရပ်ရပ် သို့မဟုတ် ပြစ်မှုဆိုင်ရာဥပဒေ၏အခြား အပိုင်းတစ်ခုခုတွင်ဖြစ်စေ၊ အဆိုပါပြစ်မှုကိုအဓိပ္ပာယ်ပိုင်းခြားဖော်ပြသည့် ဥပဒေတစ်ရပ်ရပ်တွင်ဖြစ်စေ ပါရှိသောအထူးကင်းလွတ်ခွင့် သို့မဟုတ် ခြွင်းချက်တစ်ရပ်ရပ်တွင် အကျုံးဝင်စေသည့်အခြေအနေများ ရှိနေကြောင်း သက်သေထင်ရှားတင်ပြရန်တာဝန်သည် ထိုသူအပေါ်ကျရောက်သည်။ ထိုကဲ့သို့သက်သေ ထင်ရှားမတင်ပြနိုင်လျှင် တရားရုံးအနေဖြင့် အဆိုပါ အခြေအနေများမရှိဟု မှတ်ယူရမည်။

ဥပမာများ

(က) လူသတ်မှုဖြင့် စွဲဆိုခြင်းခံရသူ A ကမိမိသည် စိတ်ပေါ့သွပ်သောကြောင့် ပြုမိသော အပြုအမူမှာ မည်သို့သဘောရှိသည်ကို မသိခဲ့ပါဟုဆိုသည်။

သက်သေထင်ရှားတင်ပြရန် တာဝန်သည် A အပေါ် ကျရောက်သည်။

(ခ) လူသတ်မှုဖြင့်စွဲဆိုခြင်းခံရသူ A ကမိမိအား ရုတ်တရက်ဒေါသထွက်အောင်ပြုမှုကြောင့် မိမိစိတ်ကို ချုပ်တည်းနိုင်စွမ်းမရှိတော့ဟုဆိုသည်။

သက်သေထင်ရှားတင်ပြရန် တာဝန်သည် A အပေါ် ကျရောက်သည်။

(ဂ) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၅ တွင်ပြဋ္ဌာန်းထားသည့် အမှုမှတစ်ပါး၊ မည်သူမဆို မိမိအလို အလျောက် အပြင်းအထန်နာကျင်စေမှုကို ပြုလုပ်လျှင်ထိုသူအားသတ်မှတ်ထားသော ပြစ်ဒဏ်ကို ကျခံစေရမည်ဟု ယင်းဥပဒေပုဒ်မ ၃၂၅ တွင်ပြဋ္ဌာန်းထားသည်။

A သည်ပုဒ်မ ၃၂၅ အရမိမိအလိုအလျောက်အပြင်းအထန်နာကျင်စေမှုကို ပြုသည်ဟုစွဲဆိုခြင်းခံရသည်။

ထိုအမှုကို ပုဒ်မ ၃၃၅ အတွင်းအကျုံးဝင်စေမည့် အခြေအနေများကို သက်သေထင်ရှားတင်ပြရန် တာဝန် သည် A အပေါ်ကျရောက်သည်။