မည်သူမဆို-
(က) သတင်းတစ်ခုနှင့်စပ်လျဉ်း၍ အကြောင်းခြင်းရာအမှန်ကို အကယ်၍ သိခဲ့လျှင် ပြည်သူ့ဝန်ထမ်းက ပြုထိုက်သည်မဟုတ်သောအမှုကို ပြည်သူ့ဝန်ထမ်းအားပြုစေရန် သို့မဟုတ် ပျက်ကွက်ထိုက်သည် မဟုတ်သော ပျက်ကွက်မှုကိုပြုစေရန်၊ သို့မဟုတ်
(ခ) သူတစ်ဦးဦးကို နစ်နာစေခြင်းငှာ သို့မဟုတ် စိတ်ငြိုငြင်စေခြင်းငှာ ပြည်သူ့ဝန်ထမ်းအားသူ၏ ဥပဒေအရရရှိသော အာဏာကို အသုံးပြုစေရန် ကြံရွယ်၍သော်လည်းကောင်း၊ ပြုစေတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ထိုပြည်သူ့ဝန်ထမ်းကို မမှန်ကြောင်း မိမိသိသော သို့မဟုတ် မိမိ ယုံကြည်သော သတင်းကိုပေးလျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်း ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ဥပမာများ
(က) A သည် တရားသူကြီး၏ လက်အောက်ခံ ရဲအမှုထမ်း Z ကို အလုပ်မှ ထုတ်ပစ်စေရန် Z သည် တာဝန်ဝတ္တရား ပေါ့လျော့ကြောင်း သတင်းကိုသော်လည်းကောင်း၊ အကျင့်သိက္ခာပျက်ပြားကြောင်း သတင်းကိုသော်လည်းကောင်း ထိုသတင်းမမှန်ဟု သိလျက်နှင့် သို့မဟုတ် ထိုသတင်းအရ Z ကို အဆိုပါ တရားသူကြီးက အလုပ်မှထုတ်ပစ်တန်ရာသည်ကို သိလျက်နှင့် တရားသူကြီးအား သတင်းပေးလျှင် A သည် ဤပုဒ်မပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ပြစ်မှုကျူးလွန်သည်။
(ခ) Z စိတ်ငြိုငြင်စေရန် ဥပဒေဖြင့် တားမြစ်ထားသော ဆားကို Z လျို့ဝှက် သိုလှောင်ထားကြောင်း သတင်းမမှန်ဟုသိလျက်နှင့်၊ ထို့ပြင် ထိုသတင်း၏ အကျိုးဆက်ကြောင့် Z ၏ အဆောက်အအုံဥပစာကို ရှာဖွေစေတန်ရာသည်ကိုလည်း သိလျက်နှင့် A သည် ပြည်သူ့ဝန်ထမ်းကို သတင်းပေးလျှင် A သည် ဤပုဒ်မပါ ပြစ်မှုကျူးလွန်ရာရောက်သည်။
(ဂ) A က ရွာတစ်ရွာအနီးတွင် မိမိသည် လက်ရောက်မှုကျူးလွန်ခြင်းနှင့် လုယက်ခြင်း ခံရကြောင်း ရဲအမှုထမ်းသို့ မမှန်သတင်းပေး၏။ A သည် မိမိအား မည်သူကျူးလွန်ကြောင်း ထုတ်ဖော်ခြင်းမပြု။ သို့ရာတွင် ထိုသို့ သတင်းပေးခြင်း၏ အကျိုးဆက်ကြောင့် ထိုရဲအမှုထမ်းသည် ထိုရွာတွင် စုံစမ်းခြင်း၊ ရှာဖွေခြင်းပြုသဖြင့် ရွာသားအားလုံးသော်လည်းကောင်း၊ အချို့သော်လည်းကောင်း စိတ်ငြိုငြင်တန်ရာသည် ကို သိ၏။ A သည် ဤပုဒ်မအရ ပြစ်မှုကျူးလွန်ရာရောက်သည်။