(က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရစီရင်စုများဖြစ်ကြသည့်အားလျော်စွာ အဆင့်အတန်းတူညီကြသည်၊
(ခ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များ အသီးသီးဖွဲ့စည်းထားရှိသည်။ ယင်းဦးစီးအဖွဲ့ များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၃ အရ ခွဲဝေအပ်နှင်းသည့် ဥပဒေပြုရေးအာဏာကို ကျင့်သုံး သည်၊
(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တွင် အဖွဲ့ဝင်ဦးရေ အနည်းဆုံး ၁၀ ဦးပါဝင်စေရမည်၊
(ဃ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-
(၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ မြို့နယ်များမှ ရွေးကောက်တင်မြှောက်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊
(၂) လုံခြုံရေးတာဝန်ဖြစ်စေ၊ နယ်စပ်ရေးရာတာဝန်ဖြစ်စေ ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များ၊
(၃) ပုဒ်မခွဲငယ် (၁) နှင့် (၂) ပါ ပုဂ္ဂိုလ်များက ရွေးချယ်ဖြည့်စွက်ခန့်ထားသည့် ကိုယ်စားလှယ်များ၊
(င) ပုဒ်မခွဲ (ဃ) ပုဒ်မခွဲငယ် (၁) နှင့် (၂) ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များသည် မိမိတို့အချင်းချင်းညှိနှိုင်းလျက် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များမှ ရွေးကောက်တင်မြှောက် ထားသော လွှတ်တော်ကိုယ်စားလှယ်များအနက် သင့်လျော်သူတစ်ဦးအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ရမည်။ ထိုသို့ ရွေးချယ်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော် သမ္မတထံ တင်ပြရမည်၊
(စ) နိုင်ငံတော်သမ္မတသည် အမည်စာရင်းတင်သွင်းလာသည့် ပုဂ္ဂိုလ်အား သက်ဆိုင်ရာကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးရမည်၊
(ဆ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌသည် ရာထူး အလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဖြစ်သည်။ သို့ဖြစ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက် များအနက် ခန့်အပ်သည့်နည်းလမ်းမှလွဲ၍ ကျန်ပြဋ္ဌာန်းချက်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် သက်ဆိုင်စေရမည်၊
(ဇ) သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့ဝင်များသည် -
(၁) သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နေထိုင် ကြသည့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသားလူမျိုးများအနက် လျော်ကန်သင့်မြတ်သော လူဦးရေဖြစ်သည့် လူဦးရေအနည်းဆုံး ၁၀၀၀၀ နှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သည့် တိုင်းရင်းသားလူမျိုးများရှိလျှင် ယင်းတိုင်းရင်းသား လူမျိုးကိုယ်စားလှယ် တစ်ဦးကျစီကို ဦးစီးအဖွဲ့ဝင် အဖြစ် ရွေးချယ်ခန့်ထားရမည်။ ယင်းသို့ ရွေးချယ်ခန့်ထားခြင်းခံရသော ဦးစီးအဖွဲ့ဝင်သည် ပုဒ်မ ၁၆၉ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်၊
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တွင် အဖွဲ့ဝင်ဦးရေ ၁၀ ဦး မပြည့်သေးပါက အဖွဲ့ဝင်ဦးရေ အနည်းဆုံး ၁၀ ဦးပြည့်စေရန် လိုအပ်သည့် အဖွဲ့ဝင်ဦးရေကို သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအ တွင်းနေထိုင်သူများထဲမှ ပုဒ်မ ၁၆၉ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များအား မိမိတို့သဘောဆန္ဒအလျောက် ရွေးချယ် ဖြည့်စွက်ခန့်ထားရမည်။
(ဈ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့တွင် ဦးစီးအဖွဲ့ဝင် စုစုပေါင်း၏ လေးပုံတစ်ပုံဖြစ်သည့် ဦးစီးအဖွဲ့ဝင်ဦးရေကို တပ်မတော်သားများဖြင့် လိုအပ်သလိုဖြည့်စွက်တာဝန်ပေးနိုင်သည်၊
(ည) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အရည် အချင်းများနှင့် ပြည့်စုံရမည်၊
(ဋ) (၁) သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ဝင်များ၏ အမည်စာရင်းကို ကြေညာရမည်၊
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီး ချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊
(၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များသည် ယင်းတို့၏ ဥက္ကဋ္ဌ အားတာဝန်ခံရမည်၊
(၄) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့ နှင့်ပတ်သက်၍ ရာထူးသက်တမ်းသတ်မှတ်ခြင်း၊ အရေးယူခြင်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှ ရပ်စဲခြင်း၊ လစ်လပ်ရာထူးနေရာများတွင် ဖြည့်စွက်ခန့်ထားခြင်းတို့အတွက် ဥပဒေပြဋ္ဌာန်းသတ်မှတ် ပေးရမည်။
(ဌ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့ဝင်တို့၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ပေးရမည်။