ပုဒ်မ ၁၄၈
ပုဒ်မ ၁၄၈
ဆိုင်ရာဒေသတွင် စုံစမ်းစစ်ဆေးမှု

(၁) ဤအခန်းပါ ကိစ္စအလို့ငှာ ဆိုင်ရာဒေသတွင် စုံစမ်းစစ်ဆေးမှုလိုအပ်သည့်အခါတိုင်း မည်သည့် ခရိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် နယ်ပိုင်ရာဇဝတ်တရားသူကြီးမဆို စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် မိမိလက်အောက်ရှိ တရားသူကြီး တစ်ဦးဦးအား လွှဲအပ် နိုင်သည်။ ၎င်းအပြင် ထိုတရားသူကြီး အတွက် လိုအပ်မည် ထင်မြင်သည့် ညွှန်ကြားချက် များကို စာဖြင့် ရေးသား ပေးအပ်နိုင်သည်။ ထို့ပြင် ၎င်း စုံစမ်းစစ်ဆေးမှုအတွက် လိုအပ် သော ကုန်ကျစရိတ် အားလုံးကို ဖြစ်စေ၊ တချို့တစ်ဝက်ကိုဖြစ်စေ မည်သူကပေးရမည်ဟု ဖော်ပြပေးနိုင်သည်။

(၂) ထိုကဲ့သို့ တာဝန်ပေးအပ်ခြင်းခံရသူ၏ အစီရင်ခံစာကို အမှုတွင်သက်သေခံချက်အဖြစ် ဖတ်ရှု နိုင်သည်။

စရိတ်များနှင့် စပ်လျဉ်းသော အမိန့်

(၃) ဤအခန်းပြဋ္ဌာန်းချက်အရ အမှုစစ်ဆေးရာတွင် အမှုသည် တစ်ဦးဦးက စရိတ်ကျခံ ထားရသည့် အခါ ပုဒ်မ ၁၄၅၊ ပုဒ်မ ၁၄၆ သို့မဟုတ် ပုဒ်မ ၁၄၇ အရ ဆုံးဖြတ်ချက် ချမှတ် သည့် တရားသူကြီးသည် ၎င်း စရိတ်ငွေများကို မည်သူက ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဆိုခဲ့သည့် အမှုသည်ကပင် ပေးဆောင်ရမည် သို့မဟုတ် အခြား အမှုသည်တစ်ဦးဦးက ပေးဆောင်ရမည်၊ ထို့ပြင် တစ်လုံးတစ်ခဲတည်းဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ၊ အချိုးကျ ဖြစ်စေ ပေးဆောင် ရမည်ဖြစ်ကြောင်း စသည်ဖြင့် ညွှန်ကြားနိုင်သည်။ အဆိုပါ စရိတ်များတွင် သက်သေ များအတွက် ကျခံခဲ့ ရသည့်စရိတ်များနှင့် တရားရုံးက သင့်တော် သည်ဟု ယူဆသော ရှေ့နေခများ ပါဝင်နိုင်သည်။