က) ပြည်ထောင်စုဝန်ကြီးဌာနများ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများကို နိုင်ငံတော်သမ္မတက တာဝန်ပေးအပ် သော ဒုတိယသမ္မတတစ်ဦးက ဦးဆောင်စိစစ်၍ ပြည်ထောင်စုဝန်ကြီးဌာနများ အပါအဝင် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၏ အရအသုံးငွေစာရင်း လျာထားချက်ကို ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြရမည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အရအသုံးငွေစာရင်းများကို နိုင်ငံတော်သမ္မတက တာဝန်ပေး အပ်သော ကျန်ဒုတိယသမ္မတတစ်ဦးက ဦးဆောင်စိစစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အရအသုံးငွေစာရင်း လျာထားချက်ကို ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြရမည်၊
(ဂ) ဘဏ္ဍာရေးကော်မရှင်သည် -
(၁) ပြည်ထောင်စုနယ်မြေ အသုံးစရိတ်များပါရှိသော ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ဘဏ္ဍာငွေများကို သင့်လျော်သလို ဖြည့်ဆည်းပေးခြင်း ၊ အထူးကိစ္စတစ်ရပ်အနေဖြင့် ထောက်ပံ့ခြင်း၊ ချေးငွေများ ခွင့်ပြုခြင်းအပါအဝင် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း သို့မဟုတ် နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းကိုပြည်ထောင်စုလွှတ်တော်သို့ ထောက်ခံတင်ပြရမည်၊
(၂) ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်သင့်သည့်ကိစ္စများကို အကြံပြုနိုင်ရေးအတွက် ဆောင်ရွက်ရမည်၊
(၃) ခိုင်မာသောဘဏ္ဍာရေးစနစ် ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ တာဝန်ပေးအပ်သည့် ကိစ္စရပ်များကို ဆောင်ရွက်ရမည်။
(ဃ) ဘဏ္ဍာရေးကော်မရှင်သည် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ဘဏ္ဍာငွေများကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းပေးခြင်း၊ အထူးကိစ္စတစ်ရပ်အနေဖြင့် ထောက်ပံ့ခြင်း၊ လိုအပ်မည့်ချေးငွေများ ထုတ်ချေးခြင်း တို့ပါဝင်သည့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံသို့ ထောက်ခံတင်ပြရမည်၊
(င) ဘဏ္ဍာရေးကော်မရှင်သည် လိုအပ်ပါက ဘဏ္ဍာရေးကျွမ်းကျင်သူများ၏ အကြံဉာဏ်များကို ရယူနိုင်သည်။