ပုဒ်မ ၆၀
ပုဒ်မ ၆၀
နှုတ်သက်သေခံချက်သည်တိုက်ရိုက်သိဖြစ်ရမည်

နှုတ်သက်သေခံချက်သည်မည်သည့် ကိစ္စမျိုးတွင်မဆိုတိုက်ရိုက်သိဖြစ်ရမည်။

ဆိုလိုသည်မှာ-

မြင်နိုင်သည့်အကြောင်းခြင်းရာနှင့်စပ်လျဉ်း၍ထွက်ဆိုလျှင် ထိုအကြောင်းခြင်းရာကို ယင်းကိုယ်တိုင် မြင်သည်ဆိုသော သက်သေ၏သက်သေခံချက်ဖြစ်ရမည်၊

ကြားနိုင်သည့်အချက်နှင့်စပ်လျဉ်း၍ ထွက်ဆိုလျှင် ထိုအချက်ကို ကိုယ်တိုင်ကြားသည်ဆိုသော သက်သေ ၏ သက်သေခံချက်ဖြစ်ရမည်၊

အခြားအာရုံတစ်ခုခုဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ သိရှိနိုင်သည့်အကြောင်းခြင်းရာနှင့် စပ်လျဉ်း၍ ထွက်ဆိုလျှင် ထိုအကြောင်းခြင်းရာကို အဆိုပါအာရုံ၊ သို့မဟုတ် နည်းလမ်းဖြင့်ယင်းကိုယ် တိုင်သိရှိသည်ဆိုသောသက်သေ၏သက်သေခံချက်ဖြစ်ရမည်၊

ထင်မြင်ချက်တစ်ခုနှင့် သို့မဟုတ် ထိုထင်မြင်ချက်၏အခြေတည်ရာဖြစ်သော အကြောင်းများနှင့်စပ်လျဉ်း၍ထွက်ဆိုလျှင် ထိုအကြောင်းများကိုအခြေတည်၍ ဖြစ်ပေါ်လာသော ထင်မြင်ချက်ကို ပေးသူက ထွက်ဆိုသော သက်သေခံချက်ဖြစ်ရမည်။

သို့ရာတွင် ရောင်းချလေ့ရှိသောစာအုပ်စာတမ်းတစ်စုံတစ်ရာတွင် ဖော်ပြထားသည့် အထူးကျွမ်းကျင် သူများ၏ ထင်မြင်ချက်များနှင့် ထိုထင်မြင်ချက်များ၏အခြေတည်ရာဖြစ်သောအချက်များကို သက်သေ ထင်ရှားစေရန် ရေးသားသူသေဆုံးခြင်း၊ ရှာ၍မတွေ့နိုင်ခြင်း၊ သက်သေခံချက်မပေးနိုင်သည့် အဖြစ်သို့ ရောက်ခြင်း၊ သက်သေအဖြစ် ဆင့်ခေါ်ပါကကြန့်ကြာမည့်အချိန် သို့မဟုတ် ကုန်ကျမည့်စရိတ်မှာသင့် လျော်ခြင်း ရှိမည်မဟုတ်ဟု တရားရုံးက ယူဆနိုင်သည့် အခြေအနေများ၌သက်သေခံတင်ပြနိုင်သည်။

ထို့ပြင် နှုတ်သက်သေခံချက်သည်စာတမ်းအမှတ်အသားမဟုတ်သော အခြားအရာဝတ္ထုတစ်ခုခု၏ တည်ရှိမှု သို့မဟုတ် အခြေအနေနှင့်စပ်လျဉ်း၍ ထွက်ဆိုလျှင်၊ တရားရုံးက သင့်သည်ဟုယူဆပါကအဆိုပါ အရာဝတ္ထုကို ကြည့်ရှုစစ်ဆေးရန်အတွက် တင်ပြရန်ညွှန်ကြားနိုင်သည်။