ပုဒ်မ ၆၆
ပုဒ်မ ၆၆
စာတမ်းအမှတ်အသားတင်ပြရန်အကြောင်းကြားစာနှင့် စပ်လျဉ်းသည့်စည်းကမ်းများ

ပုဒ်မ ၆၅၊ အပိုဒ် (က) တွင်ရည်ညွှန်းထားသော စာတမ်းအမှတ်အသားများ၌ ပါရှိသည့်အချက်များ ၏ ဒုတိယအဆင့်သက်သေခံချက်ကိုတင်ပြလိုသောအမှုသည်က မူရင်းစာတမ်းအမှတ်အသားကိုလက်ရှိ ဖြစ်သော သို့မဟုတ် စီမံပိုင်ခွင့်ရှိသောအမှုသည်အားဖြစ်စေ၊ ယင်း၏ရှေ့နေအားဖြစ်စေ၊ အဆိုပါ စာတမ်းအမှတ်အသားကိုတင်ပြစေရန်အတွက် ဥပဒေအရ သတ်မှတ်ထားသောအကြောင်းကြားစာဖြစ် စေ၊ အဆိုပါစာတမ်းအမှတ်အသားကို တင်ပြစေရန်အတွက်အကြောင်းကြားစာကို ဥပဒေအရ သတ်မှတ် ထားခြင်းမရှိလျှင်အမှု၏အခြေအနေအရ တရားရုံးကသင့်တော်သည်ဟုယူဆသော အကြောင်းကြားစာ ဖြစ်စေ အကြောင်းကြားစာတစ်မျိုးမျိုးကို ကြိုတင်ပေးပို့ခဲ့ခြင်းမရှိလျှင် မိမိတင်ပြလိုသော ဒုတိယအဆင့် သက်သေခံချက်ကို တင်ပြခြင်းမပြုရ။

သို့ရာတွင် အောက်ပါကိစ္စတစ်ရပ်ရပ်တွင် ဒုတိယအဆင့် သက်သေခံချက်ကို သက်သေခံဝင်စေရန် အတွက် အဆိုပါ အကြောင်းကြားစာကိုပေးပို့ရန်မလို-

(၁) သက်သေထင်ရှားတင်ပြရမည့် စာတမ်းအမှတ်အသားသည်ပင်လျှင် အကြောင်းကြားစာဖြစ်နေသည့် အခါ၊

(၂)အမှု၏သဘောသဘာဝအရထိုစာတမ်းအမှတ်အသားကိုတင်ပြစေရန် မိမိအားတောင်းဆိုတော့မည် ကိုဆန့်ကျင်ဘက်အမှုသည်အနေနှင့်သိထိုက်သည့်အခါ၊

(၃) ဆန့်ကျင်ဘက်အမှုသည်ကလိမ်လည်လှည့်ဖြား၍ဖြစ်စေ၊ အနိုင်အထက်ပြု၍ဖြစ်စေ၊ မူရင်းစာတမ်း အမှတ်အသားကို ရယူခဲ့သည့်လက္ခဏာရှိသည့် သို့မဟုတ် ထိုသို့ရယူခဲ့ကြောင်းသက်သေထင်ရှားရှိသည့် အခါ၊

(၄) ဆန့်ကျင်ဘက်အမှုသည်ကသို့မဟုတ် ယင်း၏ကိုယ်စားဆောင်ရွက်သူက မူရင်းစာတမ်းအမှတ်အ သားကို တရားရုံးတွင်တင်သွင်းထားသည့်အခါ၊

(၅) ဆန့်ကျင်ဘက်အမှုသည်ကသို့မဟုတ် ယင်း၏ကိုယ်စားဆောင်ရွက်သူက ထိုစာတမ်းအမှတ် အသားပျောက်ဆုံးကြောင်း ဝန်ခံထားသည့်အခါ၊

(၆) စာတမ်းအမှတ်အသားလက်ရှိဖြစ်သူသည် တရားရုံးကဆင့်ခေါ်၍မရနိုင်အောင်အလှမ်းကွာဝေးသူ သော်လည်းကောင်း၊တရားရုံးကဆင့်ခေါ်ခြင်းကို မလိုက်နာဘဲနေနိုင်ခွင့်ရှိသူသော်လည်းကောင်းဖြစ် သည့်အခါ သို့မဟုတ် ဒုတိယအဆင့်သက်သေခံချက်ကိုသက်သေခံဝင်စေရန်အတွက် ထိုအကြောင်းကြားစာကိုပေးပို့ရန်မလို။