(၁) မည်သူမဆို ရွေးကောက်ပွဲတစ်ခုခု၌ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အခွင့်အရေး လွတ်လပ်စွာ သုံးစွဲခြင်းကို မိမိအလိုအလျောက် နှောင့်ယှက်လျှင် သို့မဟုတ် နှောင့်ယှက်ရန် မိမိအလိုအလျောက် အားထုတ်လျှင် ရွေးကောက်ပွဲ၌ မလျော်ဩဇာသုံးမှုကို ကျူးလွန်သည်။
(၂) မည်သူမဆိုပုဒ်မခွဲ (၁) ပါ ပြဋ္ဌာန်းချက်များ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ-
(က) ရွေးကောက်ခံမည့်သူကိုသော်လည်းကောင်း၊ မဲဆန္ဒရှင်ကိုသော်လည်းကောင်း၊ ရွေးကောက်ခံမည့် သူကဖြစ်စေ၊ မဲဆန္ဒရှင်ကဖြစ်စေ အကျိုးလိုလားသောသူကိုသော်လည်းကောင်း တစ်နည်းနည်းဖြင့် နစ်နာစေမည်ဟုခြိမ်းခြောက်လျှင်၊ သို့မဟုတ်
(ခ) ရွေးကောက်ခံမည့်သူကိုသော်လည်းကောင်း၊ မဲဆန္ဒရှင်ကိုသော်လည်းကောင်း၊ ရွေးကောက်ခံမည့် သူကဖြစ်စေ၊ မဲဆန္ဒရှင်ကဖြစ်စေ အကျိုးလိုလားသောသူကိုသော်လည်းကောင်း သက်ဆိုင်ရာဘာသာ အယူဝါဒအရ အပြစ်ရောက်စေမည်ဟု ယုံကြည်အောင် ထိုရွေးကောက်ခံမည့်သူကိုဖြစ်စေ၊ ထိုမဲဆန္ဒရှင်ကို ဖြစ်စေ သွေးဆောင်လျှင် သို့မဟုတ် ထိုသို့ သွေးဆောင်ရန် အားထုတ်လျှင် ထိုသူသည် ပုဒ်မခွဲ (၁) ၏ အဓိပ္ပာယ်အရ ထိုရွေးကောက်ခံမည့်သူ၏ သို့မဟုတ် ထိုမဲဆန္ဒရှင်၏ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အခွင့်အရေး လွတ်လပ်စွာ သုံစွဲခြင်းကို နှောင့်ယှက်သည်ဟု မှတ်ယူရမည်။
(၃) အများပြည်သူဆိုင်ရာ မူဝါဒကို ကြေညာခြင်းသည် သို့မဟုတ် အများပြည်သူဆိုင်ရာလမ်းစဉ်ကို ကတိပြုခြင်းသည် သို့မဟုတ် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အခွင့်အရေးကိုနှောင့်ယှက်ရန် မကြံရွယ်ဘဲ တရားဝင်အခွင့်အရေး သုံးစွဲခြင်းသက်သက်သည် ဤပုဒ်မ၏အဓိပ္ပာယ်အရ နှောင့်ယှက်ခြင်း ဖြစ်သည်ဟု မမှတ်ယူရ။