ပုဒ်မ ၈၇၊ ၈၈ နှင့် ၈၉ များပါ ကင်းလွတ်ချက်များသည် သဘောတူသူ ကိုယ်တိုင်ကို သော်လည်းကောင်း၊ ထိုသူကိုယ်စား သဘောတူသူကိုသော်လည်းကောင်း ဖြစ်စေနိုင်သည့် ဘေးအန္တရာယ်ကိုဖြစ်စေ၊ ဖြစ်စေရန်ကြံရွယ်သည့် ဘေးအန္တရာယ်ကိုဖြစ်စေ၊ ဖြစ်စေတန်ရာသည်ကို သိနိုင်သည့် ဘေးအန္တရာယ်ကိုဖြစ်စေ ထောက်ထားရန် မလိုဘဲ ပြစ်မှုသီးခြားမြောက်သည့် ပြုလုပ်မှုများနှင့် မသက်ဆိုင်စေရ။
ဥပမာ
ကိုယ်ဝန်ကို ပျက်စေရာတွင် (အမိ၏ အသက်ကို ကယ်ဆယ်ရန် သဘောရိုးနှင့် ပြုလုပ်ခြင်း မဟုတ်လျှင်) အမိကိုဖြစ်စေနိုင်သည့် ဘေးအန္တရာယ်ကိုသော်လည်းကောင်း၊ ဖြစ်စေရန် ကြံရွယ်သည့် ဘေးအန္တရာယ်ကို သော်လည်းကောင်း ထောက်ထားရန်မလို။ ထိုသို့ ကိုယ်ဝန်ပျက်စေခြင်းသည်ပင်လျှင် သီးခြားဖြစ်သော ပြစ်မှုဖြစ်သည်။ ထို့ကြောင့် ထိုပြစ်မှုသည် “ဘေးအန္တရာယ် ဖြစ်စေသည်ဟူသော အကြောင်းကြောင့်” ဖြစ်သော ပြစ်မှုမျိုးမဟုတ်၊ ထိုသို့ ကိုယ်ဝန်ပျက်စေသည်ကို အမိကဖြစ်စေ၊ ထိုသူ၏ အုပ်ထိန်းသူကဖြစ်စေ သဘောတူစေကာမူ ကိုယ်ဝန်ပျက်စေမှုကို ပြုလုပ်ပိုင်သည်မဟုတ်။