ပြစ်မှုတစ်ရပ်ရပ် ကျူးလွန်မှုနှင့် စပ်လျဉ်းနေကြောင်း လက္ခဏာရှိသည့် မည်သည့်ပစ္စည်းကိုမဆို၊ သို့မဟုတ် ပြစ်မှုတစ်ရပ်ရပ်ကို ကျုးလွန်ရာတွင် အသုံးပြုခဲ့ကြောင်း လက္ခဏာရှိသည့် မည်သည့်ပစ္စည်းကိုမဆို စုံစမ်းစစ်ဆေးမှုပြုလုပ်စဉ်၊ သို့မဟုတ် စစ်ဆေးစီရင်မှ ပြုလုပ်စဉ် ပြစ်မှုဆိုင်ရာတရားရုံးရှေ့ တင်ပြလာသည့်အခါဖြစ်စေ အဆိုပါပစ္စည်းကို ကိုယ်ထိလက်ရောက် မတင်ပြနိုင်သည့်အပြင် လွယ်လင့်တကူ မတင်ပြနိုင်ပါက အစီရင်ခံစာနှင့်အတူ သက်ဆိုင်ရာ သက်သေခံစာတမ်းအမှတ်အသားကို တင်ပြသည့်အခါဖြစ်စေ တရားရုံးသည် စုံစမ်းစစ်ဆေးမှုဖြစ်စေ၊ စစ်ဆေးစီရင်မှုဖြစ်စေ မပြီးဆုံးမီကာလအတွင်း အဆိုပါပစ္စည်းကို ကောင်းမွန်စွာထိန်းသိမ်း ထားရန်အတွက် မိမိသင့်လျော်သည်ထင်သော အမိန့်ချမှတ်နိုင်သည်။ ထို့ပြင်ဆိုခဲ့သည့် ပစ္စည်းမှာ သဘာဝအလျောက် ပျက်စီးလွယ်သည့် ပစ္စည်းဖြစ်နေလျှင် မိမိလိုအပ်သည် ထင်မြင်သည့် သက်သေခံချက်များ ရေးမှတ်ပြီးနောက် ထိုပစ္စည်းကို ရောင်းချရန်သော်လည်းကောင်း၊ အခြားနည်းဖြင့် စီမံခန့်ခွဲရန်သော်လည်းကောင်း အမိန့်ချမှတ်နိုင်သည်။