(၁) ဤအခန်းပါ ပြဋ္ဌာန်းချက်အရ ရှာဖွေခြင်းမပြုလုပ်မီ ရှာဖွေမည့်အရာရှိ သို့မဟုတ် အခြား သူ အနေဖြင့် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသောသူများကို ရှာဖွေရာသို့ လာရောက် ကြည့်ရှုရန် ဆောင်ရွက်ရမည်။ ထိုသို့ လာရောက်ကြည့်ရှုစေရန် ရှာဖွေမည့်နေရာ၏ အနီးပတ်ဝန်းကျင်တွင် နေထိုင်သူ မည်သူကိုမဆို အမိန့်စာဖြင့် ထုတ်ဆင့်နိုင်သည်။
(၂) ရှာဖွေမှုကို ၎င်းတို့၏ ရှေ့မှောက်တွင်ပြုလုပ်ရမည်။ ယင်းသို့ ရှာဖွေရာ၌ သိမ်းဆည်း ရမိသည့် ပစ္စည်း၊ အရာဝတ္ထုအားလုံးနှင့် ယင်းသို့တွေ့ရှိရာနေရာ အသီးသီးတို့၏ စာရင်းကို အဆိုပါ အရာရှိသို့မဟုတ် အခြားသူက ရေးသားပြုစုရမည်။ ထို့ပြင် အဆိုပါသက်သေ များက လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် ဤပုဒ်မအရ ရှာဖွေမှုကို ကြည့်ရှုခဲ့သော မည်သူ့ကိုမျှ တရားရုံးက အထူးဆင့်ခေါ်ခြင်းမရှိဘဲ တရားရုံးသို့ ရှာဖွေ သက်သေအဖြစ် လာရောက်စေရန် တာဝန်မရှိစေရ။
ရှာဖွေသည့်နေရာတွင် နေထိုင်သူအား ရှိနေခွင့်ပေးရခြင်း
(၃) ရှာဖွေမှုပြုလုပ်စဉ် ရှာဖွေသည့်နေရာတွင် နေထိုင်သူ သို့မဟုတ် ၎င်း၏ကိုယ်စား အခြားသူ တစ်ဦးဦးကို ရှိနေခွင့်ပြုရမည်။ ထိုသူရှိနေလျှင် ပုဒ်မခွဲ (၂) အရ ရေးသားထားသည့် ပစ္စည်း စာရင်း၌ ယင်းစာရင်း မှန်ကန်ကြောင်း သိရှိသည့်အနေဖြင့် ၎င်းအား လက်မှတ်ရေးထိုး စေရမည့် အပြင် ယင်းပစ္စည်းစာရင်း၏ မိတ္တူတစ်စောင်ကို အဆိုပါ နေထိုင်သူ သို့မဟုတ် ၎င်း၏ကိုယ်စား ဆောင်ရွက်သူအား ရှာဖွေသည့်အရာရှိ သို့မဟုတ် ရှာဖွေသည့် အခြား သူက ပေးရမည်။
(၄) ပုဒ်မ ၁၀၂ ၊ ပုဒ်မခွဲ (၃) အရ လူတစ်ယောက်ကိုရှာဖွေသည့်အခါ ၎င်းထံမှ သိမ်းယူသော ပစ္စည်း အားလုံး၏စာရင်းကို ရေးသားပြုစုရမည်။ ထိုသူကတောင်းဆိုလျှင် ယင်းပစ္စည်း စာရင်း၏ မိတ္တူတစ်စောင်ကို ၎င်းအား ပေးအပ်ရမည်။
(၅) မည်သူမဆို ဤပုဒ်မအရ ရှာဖွေခြင်းကို လာရောက်ကြည့်ရှုရန် အမိန့်စာပေးအပ် ဆင့်ခေါ်လျက်နှင့် လုံလောက်သောအကြောင်းမရှိဘဲ လာရောက်ကြည့်ရှုရန် ငြင်းပယ် လျှင် သို့မဟုတ် မထီမဲ့မြင်ပြုလျှင် ထိုသူသည် ရာဇသတ်ကြီး ပုဒ်မ ၁၈၇ အရ ပြစ်မှုတစ်ရပ် ကို ကျူးလွန်သည်ဟု မှတ်ယူရမည်။