(၁) တရားမရုံး၊ သို့မဟုတ် အခွန်ရုံး၊ သို့မဟုတ် ရာဇဝတ်တရားရုံး၌ စစ်ဆေး စီရင်ရာတွင်ဖြစ်စေ၊ ၎င်းတို့နှင့်စပ်လျဉ်း၍ဖြစ်စေ ကျုးလွန်ခဲ့ဟန်လက္ခဏာရှိသော ပုဒ်မ ၁၉၅ ပုဒ်မခွဲ(၁)၏ အပိုဒ်(ခ)၊ သို့မဟုတ် အပိုဒ်(ဂ)တွင် ရည်ညွှန်းသည့် ပြစ်မှုတစ်စုံတစ်ရာနှင့် စပ်လျဉ်းပြီး အဆိုပါတရားရုံးအနေဖြင့် ဤကိစ္စအလို့ငှာ မိမိထံလျှောက်ထားသည်ဖြစ်စေ၊ မလျှောက်ထားသည် ဖြစ်စေ တရားမျှတမှုအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်သည်ဟု ထင်မြင် ယူဆလျှင် အကယ်၍ လိုအပ်သည်ထင်၍ ယင်းကဲ့သို့ ပဏာမစုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် စုံစမ်းစစ်ဆေးမှု၏ ဆုံးဖြတ်ချက်ကို ရေးမှတ်နိုင်သည့်အပြင် ထိုပြစ်မှုနှင့်စပ်လျဉ်း၍ တိုင်တန်းချက် ရေးသားပြီး အဆိုပါတရားရုံး၏ ရုံးထိုင်အရာရှိက လက်မှတ်ထိုးကာ ထိုတိုင်တန်းချက်ကို စီရင်ပိုင်ခွင့် အာဏာရှိသော ပထမတန်းအာဏာရ ရာဇဝတ်တရားသူကြီးထံ တင်ပို့ရမည်။ ထို့ပြင် တရားခံကို အဆိုပါရာဇဝတ်တရားသူကြီးရှေ့သို့ ရောက်ရှိစေရန်အတွက် လုံလောက်သည့်အာမခံ တောင်းယူနိုင်သည်၊ သို့မဟုတ် စွပ်စွဲထားသည့်ပြစ်မှုမှာ အာမခံမပေးနိုင်သော ပြစ်မှုဖြစ်နေလျှင် အဆိုပါရုံးအနေဖြင့် လိုအပ်သည်ဟုထင်မြင်ပါက တရားခံကို အဆိုပါရာဇဝတ်တရားသူကြီးထံ အချပ်နှင့် တင်ပိုခွင့်ရှိသည့်အပြင် အဆိုပါရာဇဝတ်တရားသူကြီးရှေ့ ရောက်ရှိ၍ သက်သေခံစေရန် မည်သူကိုမဆို ခံဝန်ချုပ် ချုပ်ဆိုစေနိုင်သည်။
သို့ရာတွင် တိုင်တန်းချက်ပြုလုပ်သည့် တရားရုံးသည် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ဖြစ်လျှင် ယင်းတိုင်တန်းချက်ကို တရားလွှတ်တော်က ခန့်အပ်သည့် တရားလွှတ်တော်၏အရာရှိက လက်မှတ် ထိုးခွင့်ရှိသည်။
(၂) ထိုအခါ အဆိုပါ ရာဇဝတ်တရားသူကြီးသည် ပုဒ်မ ၂၀ဝ အရ တိုင်တန်းချက်အပေါ် အရေးယူသကဲ့သို့ ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရမည်။
(၃) ဤအမှုပေါ်ပေါက်ခဲ့သော တရားစီရင်သောမှုခင်းကိစ္စတွင် ချမှတ်သည့်ဆုံး ဖြတ်ချက်အပေါ်အယူခံသည့်အမှု မပြီးမပြတ်ရှိနေကြောင်းအဆိုပါရာဇဝတ်တရားသူကြီးကဖြစ်စေ၊ ယင်းအမှုလွှဲပြောင်းပေးရာတွင် လက်ခံရရှိသည့် အခြားရာဇဝတ်တရားသူကြီး တစ်ဦးတစ်ယောက် ကဖြစ်စေ သိရှိခဲ့ရလျှင် အဆိုပါ ရာဇဝတ်တရားသူကြီးသည် မိမိသင့်သည်ထင်မြင်ပါက မည်သည့် အဆင့်တွင်မဆို အဆိုပါ အယူခံမှ မဆုံးဖြတ်မီ အမှုစစ်ဆေးခြင်းကို ရွှေ့ဆိုင်းထားနိုင်သည်။