(၁) တရားလိုဘက်သက်သေများ စစ်မေးခြင်းပြီးဆုံးသောအခါ တရားခံအား မိမိအတွက် ကိုယ်တိုင်သက်သေအဖြစ် အစစ်ခံရန် ဆန္ဒ ရှိ မရှိနှင့် သက်သေပြလိုခြင်း ရှိ မရှိ မေးမြန်းပြီး ရုံးထိုင်တရားသူကြီးက ပုဒ်မ ၃၄၂၊ ပုဒ်မခွဲ (၁) ပါ ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း တရားခံအား သတိပေးရမည်။
(၂) အကယ်၍ တရားခံက သက်သေခံချက်ပေးရန် ငြင်းဆိုလျှင် ၎င်းအား တစ်စုံတစ်ရာ စစ်မေးရန် မလိုအပ်ဟု ရုံးထိုင်တရားသူကြီးက ယူဆခြင်းမရှိလျှင် တရားခံအနေဖြင့် မိမိအပေါ်ဆန့်ကျင်သည့် သက်သေခံချက်ပေါ်ပေါက်လာသော အမှုအဖြစ်အပျက် အကြောင်းအရာ တစ်စုံတစ်ရာကို ဖြေရှင်းနိုင်ဧစေရန်ကိစ္စအလို့ငှာ တရားခံအား စစ်မေးရမည်။
(၃) အကယ်၍ တရားခံက သက်သေခံချက်ပေးရန် ငြင်းဆိုပြီး သက်သေပြလိုခြင်း မရှိကြောင်း တင်ပြပြီးနောက် တရားခံအားစစ်မေးခြင်း (ရှိခဲ့လျှင်) ပြီးဆုံးသောအခါ တရားလိုဘက် အမှုလိုက်အရာရှိက ၎င်း၏အမှုအတွက် ပေါင်းချုပ်ဖော်ပြနိုင်သည်။ ထိုနောက် တရားရုံးက တရားခံပြစ်မှုကျုးလွန်ကြောင်း သက်သေခံချက်မရှိဟူ၍ ထင်မြင်ယူဆလျှင် တရားရုံးက တရားခံအား အမှုမှ အပြီးအပြတ်လွှတ်သည့် ဆုံးဖြတ်ချက်ကို ရေးမှတ်နိုင်သည်၊ သို့မဟုတ် ဂျူရီနှင့် စစ်ဆေးသောအမှုတွင် တရားခံအပြစ်မရှိကြောင်း ဆုံးဖြတ်ချက်တင်သွင်းရန် ဂျူရီအား ညွှန်ကြားနိုင်သည်။
(၄) တရားခံ၊ သို့မဟုတ် တရားခံများအနက်မှ တစ်ဦးတစ်ယောက်က မိမိအတွက် ကိုယ်တိုင်သက်သေအဖြစ် အစစ်ခံရန် ဆန္ဒရှိသော်လည်း၊ သို့မဟုတ် သက်သေပြလိုကြောင်း ပြောကြားသော်လည်း တရားရုံးက တရားခံပြစ်မှုကျုးလွန်ကြောင်း သက်သေခံ ချက်မရှိဟူ၍ ထင်မြင်ယူဆလျှင် တရားရုံးက အမှုမှ အပြီးအပြတ်လွှတ်သည့် ဆုံးဖြတ်ချက်ကို ရေးမှတ်နိုင်သည်၊ သို့မဟုတ် ဂျုရီဖြင့် စစ်ဆေးသောအမှုတွင် တရားခံအပြစ်မရှိကြောင်း ဆုံးဖြတ်ချက် တင်သွင်းရန် ဂျူရီအား ညွှန်ကြားနိုင်သည်။
(၅) တရားခံ၊ သို့မဟုတ် တရားခံများအနက်မှ တစ်ဦးတစ်ယောက်က သက်သေပြလိုကြောင်း ပြောကြားသည့်အပြင် တရားရုံးက တရားခံပြစ်မှုကျုးလွန်ကြောင်း သက်သေခံ ချက်ရှိသည်ဟုယူဆလျှင်၊ သို့မဟုတ် သက်သေမတင်ပြလိုကြောင်း ပြောကြားသည့်အပြင် ပြစ်မှုတွင် တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သူက ၎င်း၏အမှုအတွက် ပေါင်းချုပ်ဖော်ပြပြီးသည့် အခါ တရားရုံးက တရားခံပြစ်မှုကျုးလွန်ကြောင်း သက်သေခံချက်ရှိသည်ဟု ထင်မြင်ယူဆလျှင် တရားရုံးက တရားခံအား အမှုအတွက် ခုခံချေပရန် ဆင့်ဆိုရမည်။