သူတစ်ဦး၏ သဘောတူခွင့်ပြုချက်မရသော်လည်း ထိုသူက သဘောတူခွင့်ပြုကြောင်း မဖော်ပြနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်သောအခါတွင် သို့မဟုတ် ထိုသူသည် သဘောတူရန် မစွမ်းနိုင်သည့်အပြင် ထိုသူ၏အကျိုးအတွက် အချိန်မီ သဘောတူချက်ရယူနိုင်ရန် ထိုသူ၏ အုပ်ထိန်းသူ ဖြစ်စေ၊ ဥပဒေနှင့်အညီ စောင့်ရှောက်သူဖြစ်စေ မရှိသည့်အခါမျိုးတွင် ထိုသူ၏အကျိုးငှာ သဘောရိုးဖြင့် ပြုလုပ်သည့် ပြုလုပ်မှုသည် ထိုသူအား ဘေးအန္တရာယ်ဖြစ်စေနိုင်သည်ဟူသော အကြောင်းကြောင့် ပြစ်မှုမမြောက်။ သို့ရာတွင်−
ခြွင်းချက်များ
ပထမ။ ဤကင်းလွတ်ချက်သည် တမင်သေစေခြင်းနှင့် သို့မဟုတ် သေစေရန် အားထုတ်ခြင်းနှင့် မသက်ဆိုင်။
ဒုတိယ။ ဤကင်းလွတ်ချက်သည် သေဘေးကိုဖြစ်စေ၊ အပြင်းအထန်နာကျင်စေမည့် ဘေးကိုဖြစ်စေ တားဆီးရန် အကြောင်းအတွက်သော်လည်းကောင်း၊ ပြင်းထန်သော ရောဂါဝေဒနာကို ဖြစ်စေ၊ မစွမ်းမသန်ခြင်းကိုဖြစ်စေ ပျောက်ကင်းအောင် ကုသရန်အကြောင်းအတွက် သော်လည်းကောင်း မဟုတ်လျှင် သေတန်ရာသည်ကို ပြုသူသိသည့် ပြုလုပ်မှုနှင့် မသက်ဆိုင်။
တတိယ။ ဤကင်းလွတ်ချက်သည် သေဘေးကိုဖြစ်စေ၊ နာကျင်စေမည့်ဘေးကိုဖြစ်စေ တားဆီးရန် အကြောင်းအတွက်မဟုတ်လျှင် နာကျင်စေရန် အလိုအလျောက်ပြုလုပ်မှုနှင့် သို့မဟုတ် နာကျင်စေရန် အားထုတ်မှုနှင့် မသက်ဆိုင်။
စတုတ္ထ။ ဤကင်းလွတ်ချက်သည် ပြစ်မှုတစ်ခုခုကို ကျူးလွန်ခြင်းနှင့် မသက်ဆိုင်လျှင် ထိုပြစ်မှုကို ကျူးလွန်ရန် အားပေးကူညီခြင်းနှင့်လည်း မသက်ဆိုင်။
ဥပမာများ
(က) Z သည် မြင်းပေါ်ကကျ၍ သတိလစ်နေ၏။ ခွဲစိတ်ဆရာဝန် A က Z ၏ ဦးခေါင်းခွံကိုဖောက်၍ ကုသသင့်ကြောင်း တွေ့မြင်၏။ Z သည် မိမိအတွက် ချင့်ချိန်ရန် သတိမရမီ A က Z သေစေရန် ကြံရွယ်ခြင်းမရှိဘဲ Z အကျိုးငှာ သဘောရိုးဖြင့် ဦးခေါင်းခွံဖောက်၍ကု၏။ A သည် ပြစ်မှုကျူးလွန်ရာ မရောက်။
(ခ) Z ကို ကျားချီသွားရာ Z ကို သေနတ်မှန်လျှင် သေတန်ရာသည်ကို သိလျက် Z အသက်ဘေးမှ ချမ်းသာရာရစေရန် သဘောရိုးဖြင့် A က ကျားကိုသေနတ်နှင့် ပစ်သည်။ ထိုသို့ပစ်သဖြင့် Z မှာ A ၏ ကျည်ဆန်ထိ၍ သေလောက်သော ဒဏ်ရာရစေကာမူ A သည် ပြစ်မှုကျူးလွန်ရာမရောက်။
(ဂ) ခွဲစိတ်ဆရာဝန် A သည် ကလေးတစ်ဦး မတော်တဆထိခိုက်ဒဏ်ရာရသည်ကို မြင်၏။ ချက်ချင်း ခွဲစိတ်မကုသလျှင် ထိုကလေး သေတန်ရာသည်ကိုလည်း သိ၏။ ထိုကလေးအတွက် အုပ်ထိန်းသူထံ အကြောင်းကြားရန်လည်း အချိန်မရှိ၊ ကလေးက မခွဲမစိတ်ရန် တောင်းပန်ပါသော်လည်း ကလေး မသေစေရန် ရည်ရွယ်၍ သဘောရိုးဖြင့် A က ခွဲစိတ်ကုသသဖြင့် ကလေးသေစေကာမူ A သည် ပြစ်မှုကျူးလွန်ရာမရောက်။
(ဃ) မီးလောင်နေသော အိမ်တစ်အိမ်တွင် ကလေး Z နှင့်အတူ A ရှိနေ၏။ အိမ်အောက်တွင်ရှိသူတို့က စောင်ဖြန့်၍ခံပေးကြရာ ကလေးကို ပစ်ချလိုက်လျှင် ကလေးသေတန်ရာသည်ကိုသိလျက် A က ထိုကလေးသေစေရန် ရည်ရွယ်ခြင်းမရှိဘဲ ကလေး၏ အကျိုးအတွက် သဘောရိုးဖြင့် စောင်ဖြန့်ခံရာသို့ ကလေးကို အိမ်ပေါ်မှပစ်ချလိုက်၍ ကလေးသေစေကာမူ A သည် ပြစ်မှုကျူးလွန်ရာမရောက်။
ရှင်းလင်းချက်။ ငွေကြေးနှင့်သက်ဆိုင်သောအကျိုးသည် ပုဒ်မ ၈၈၊ ၈၉ နှင့် ၉၂ တို့တွင် ပါရှိသော အကျိုး၏ အဓိပ္ပာယ်၌ သက်ရောက်ခြင်းမရှိ။