ပုဒ်မ ၉၅
ပုဒ်မ ၉၅
အကြောင်းမလုံလောက်ဘဲ ဖမ်းဆီးစေခြင်း၊ ဝရမ်းကပ်စေခြင်း သို့မဟုတ် တားဝရမ်း လျှောက်ထား ရယူခြင်းအတွက် ပေးရန်လျော်ကြေး

(၁) ရှေ့ပုဒ်မ (ပုဒ်မ ၉၄) အရ တရားပြိုင်အား ဖမ်းဆီးခြင်း (arrest)၊ ပစ္စည်းကို ဝရမ်းကပ်ခြင်း (attachment) သို့မဟုတ် ယာယီတားဝရမ်း ထုတ်ပေးခြင်း (temporary injunction) ပြုလုပ်ခဲ့သည့် မည်သည့် အမှု၌မဆို

(က) ယင်းသို့ ဖမ်းဆီးရန်၊ ဝရမ်းကပ်ရန် သို့မဟုတ် တားဝရမ်းထုတ်ရန်အတွက် အကြောင်းမလုံလောက်ဘဲ လျှောက်ထားသည်ဟု တရားရုံးက ထင်မြင် ယူဆလျှင် သို့မဟုတ်

( ခ )  တရားလို၏ အမှု ပလပ်ခံရသည့်/အမှုရှုံးသည့်အပြင် ယင်းအမှုကို စွဲဆိုရန်အတွက် ယုတ္တိရှိသော သို့မဟုတ် ဖြစ်ဖွယ်ရာသော အကြောင်းမရှိခဲ့ဟု တရားရုံးက ထင်မြင် ယူဆလျှင် တရားပြိုင်သည် မိမိကုန်ကျခဲ့သော စရိတ်ကြေးငွေ သို့မဟုတ် ခံစားခဲ့ရသော နစ်နာချက်အတွက် လျော်ကြေးရရန် တရားရုံးသို့ လျှောက်ထားနိုင်သည်။ တရားရုံးသည် ယင်းလျှောက်ထားချက်အရ သင့်လျော်သည်ဟုမှတ်ယူသော ငွေကျပ်ငါးသိန်း ထက်မပိုသည့် လျော်ကြေးကို တရားပြိုင်သို့ ပေးစေရန် တရားလိုအပေါ် အမိန့်ချမှတ် နိုင်သည်။

သို့ရာတွင် တရားရုံးတစ်ရုံးသည် မိမိ၏ ငွေကြေးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာ ကန့်သတ်ချက်ထက်ပိုသည့် ငွေကြေးပမာဏကို ဤပုဒ်မအရ ချမှတ်ခြင်း မပြုရ။

(၂) ယင်းလျှောက်ထားချက်တစ်ရပ်ရပ်ကို ဆုံးဖြတ်သောအမိန့်တစ်ရပ်ရပ်သည် ထိုသို့ ဖမ်းဆီးခြင်း၊ ဝရမ်းကပ်ခြင်း၊ သို့မဟုတ် တားဝရမ်းထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ လျော်ကြေးရရန် အတွက်စွဲဆိုသည့် မည်သည့်တရားမမှုကိုမဆို ပိတ်ပင်စေရမည်။