မည်သူမဆို ပြည်ထောင်စုမြန်မာနိုင်ငံ ဥပဒေအရ (* * *) သူတစ်ဦးဦးကို သေဒဏ်ထိုက်သော အမှုမျိုးမဟုတ်ဘဲ ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ခုနစ်နှစ် သို့မဟုတ် ခုနစ်နှစ်ထက်ပိုသော ထောင်ဒဏ် ဖြစ်စေထိုက်သောအမှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရစေရန် ကြံရွယ်၍သော်လည်းကောင်း၊ ထိုသို့ ပြစ်မှုထင်ရှားစီရင်ခြင်းခံတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း မမှန်သက်သေခံလျှင် သို့မဟုတ် မမှန်သက်သေခံကိုဖန်တီးလျှင် ထိုသူအား ထိုပြစ်မှုဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူ တစ်ဦးခံထိုက်သော ပြစ်ဒဏ်မျိုး ချမှတ်ရမည်။
ဥပမာ
A သည် ဓားပြမှုဖြင့် Z ပြစ်မှုထင်ရှား စီရင်ခြင်းခံရစေရန် ကြံရွယ်၍ တရားရုံးတွင် မမှန်သက်သေခံ၏။ ဓားပြမှုအတွက် ပြစ်ဒဏ်မှာ ထောင်ဒဏ်နှစ် နှစ်ဆယ်သော်လည်းကောင်း၊ ငွေဒဏ်နှင့်တကွ သို့မဟုတ် ငွေဒဏ်မပါဘဲ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်သော်လည်းကောင်းဖြစ်၏။ ထို့ကြောင့် A သည် ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ သို့မဟုတ် ငွေဒဏ်မပါဘဲ ဆယ်နှစ်ထိအလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ထိုက်သင့်သည်။