ပုဒ်မ ၄၈၂
ပုဒ်မ ၄၈၂
အမှုကို ပုဒ်မ ၄၈၀ အရ စီရင်ရန် မသင့်ကြောင်း တရားရုံးက ထင်မြင်သည့်အခါ လိုက်နာရန် ကျင့်ထုံး

(၁) ပုဒ်မ ၄၈၀ တွင် ရည်ညွှန်းထားသော ပြစ်မှုတစ်စုံတစ်ရာကို ရုံးတော်မှ မြင်သာသည့် နေရာတွင်ဖြစ်စေ၊ရုံးတော်၏ရှေ့မှောက်တွင်ဖြစ်စေ ကျုးလွန်ခဲ့သည်ဟု စွပ်စွဲခံရသူကို ငွေဒဏ်မဆောင် ပျက်ကွက်သည့်အတွက်မဟုတ်ဘဲ ထောင်ဒဏ် ချမှတ်သင့်သည်၊ သို့မဟုတ် ကျပ်နှစ်ရာထက်ပိုသော ငွေဒဏ်ချမှတ်သင့်သည်ဟု တရားရုံးက မည်သည့်အမှုတွင်မဆို ထင်မြင် ယူဆလျှင်း သို့မဟုတ် အခြားအကြောင်းတစ်စုံတစ်ရာကြောင့် ၎င်းအမှုကို ပုဒ်မ ၄၈ဝ အရ စီရင်ရန်မသင့်ကြောင်း အဆိုပါတရားရုံးက သဘောရရှိလျှင်၊ ပြစ်မှုမြောက်စေသည့်အကြောင်းခြင်းရာ များနှင့် အထက်က ပြဋ္ဌာန်းထားသည့်အတိုင်း တရားခံ၏ထွက်ဆိုချက်ကိုပါ အဆိုပါ တရားရုံးက ရေးမှတ်ပြီးနောက်၊ ယင်းအမှုကိုစစ်ဆေးစီရင်ပိုင်ခွင့်အာဏာရှိသော ရာဇဝတ်တရားသူကြီးထံ တင်ပို့ပေးနိုင်သည်။ ထို့ပြင် အဆိုပါ ရာဇဝတ်တရားသူကြီးရှေ့သို့ တရားခံ ရောက်ရှိရန်အတွက် အာမခံပေးရန် ဆင့်ဆိုနိုင်သည်၊ သို့မဟုတ် လုံလောက်သောအာမခံ မပေးခဲ့လျှင် ထိုတရားခံကို ဆိုခဲ့သည့် ရာဇဝတ်တရားသူကြီးထံ အချုပ်နှင့် ပိုရမည်။

(၂) ဤပုဒ်မအရ အမှုတစ်စုံတစ်ရာကိုလက်ခံရရှိသည့်ရာဇဝတ်တရားသူကြီးသည် တရားခံအပေါ် တိုင်တန်းချက်ကို အထက်ကပြဋ္ဌာန်းပါရှိသည့် နည်းလမ်းအတိုင်း စစ်ဆေးရမည်။