ငွေဒဏ်မဆောင်သဖြင့် တရားရုံးက ငွေဒဏ်အစားချမှတ်သော ထောင်ဒဏ်ကာလမစေ့မီ ကျခံရန်ရှိသေးသော ထောင်ဒဏ်ကာလအတွက် ငွေဒဏ်ကိုဆောင်ခဲ့သော် သို့မဟုတ် ဥပဒေနှင့်အညီ ဆောင်ရွက်သဖြင့် ငွေရခဲ့သော် ပေးဆောင်သော ငွေဒဏ်အချိုးကျအတိုင်း ထောင်ဒဏ်ကာလ ရပ်စဲရမည်။
ဥပမာ
A သည် ငွေဒဏ်ကျပ်တစ်သောင်းမဆောင်သဖြင့် ထောင်ဒဏ်လေးလကျခံစေရန် အမိန့်ချမှတ်ခြင်း ခံရ၏။ အကယ်၍ထောင်ဒဏ်တစ်လမစေ့မီ ငွေဒဏ်ခုနစ်ထောင့်ငါးရာကျပ်ကိုဆောင်လျှင် သို့မဟုတ် ဥပဒေနှင့်အညီ ဆောင်ရွက်သဖြင့် ငွေရရှိလျှင် ပထမတစ်လစေ့လျှင်စေ့ချင်း A ကို ထောင်မှ လွတ်စေရမည်။ အကယ်၍ ပထမတစ်လစေ့သည့်အခါ၌သော်လည်းကောင်း၊ စေ့ပြီးနောက် အကျဉ်းခံ နေစဉ်အခါ၌သော်လည်းကောင်း ငွေခုနစ်ထောင့်ငါးရာကျပ်ကိုဆောင်လျှင် သို့မဟုတ် ဥပဒေနှင့်အညီ ဆောင်ရွက်သဖြင့် ငွေရရှိလျှင် A ကို ချက်ချင်း ထောင်မှလွတ်စေရမည်။ ပထမနှစ်လမစေ့မီ ငွေကျပ် ငါးထောင်ကို ဆောင်လျှင် သို့မဟုတ် ဥပဒေနှင့်အညီ ဆောင်ရွက်သဖြင့် ငွေရရှိလျှင် ပထမနှစ်လ စေ့လျှင်စေ့ချင်း A ကို ထောင်မှလွတ်စေရမည်။ ငွေကျပ်ငါးထောင်ကို ပထမနှစ်လစေ့သည့်အခါတွင် ဖြစ်စေ၊ စေ့ပြီးမှဖြစ်စေ ဆောင်လျှင် သို့မဟုတ် ဥပဒေနှင့်အညီ ဆောင်ရွက်သဖြင့် ငွေရရှိလျှင် A ကို ထောင်မှ ချက်ချင်းလွတ်စေရမည်။