ပုဒ်မ ၁၇၇
ပုဒ်မ ၁၇၇
မမှန်သတင်းပေးခြင်း

ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် ထိုပြည်သူ့ဝန်ထမ်းသို့ အကြောင်းအရာတစ်ခုခုနှင့်စပ်လျဉ်း၍ ဥပဒေအရ သတင်းပေးရန် တာဝန်ရှိသူသည် ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ မမှန်ဟု မိမိသိသောသတင်းကို ဖြစ်စေ၊ မမှန်ဟု မိမိယုံကြည်ရန် အကြောင်းရှိသော သတင်းကိုဖြစ်စေ မှန်သောသတင်းအဖြစ်ဖြင့် သတင်း ပေးလျှင်ထိုသူကို ခြောက်လထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။

သို့မဟုတ် ဥပဒေအရပေးရန် လိုအပ်သောသတင်းသည် ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်လျှင် သို့မဟုတ် ပြစ်မှုကျူးလွန်ခြင်းကို တားဆီးရန် အလို့ငှာသော်လည်းကောင်း၊ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရန်အလို့ငှာ သော်လည်းကောင်းဖြစ်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ဥပမာ

မြေရှင် A သည် ၄င်း၏မြေနယ်နိမိတ်အတွင်း လူသတ်မှုကျူးလွန်ကြောင်း သိလျက်နှင့် သေသူသည် မြွေကိုက်ခံရသဖြင့် သေသည်ဟု သက်ဆိုင်ရာတရားသူကြီးအား တမင်မမှန် သတင်းပေး၏။ A သည် ဤပုဒ်မတွင် ဖော်ပြထားသည့် ပြစ်မှုကို ကျူးလွန်ရာရောက်သည်။

ရှင်းလင်းချက်။ ပြည်ထောင်စုမြန်မာနိုင်ငံအပတွင် ပြုသောပြုလုပ်မှုသည် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း၌ ကျူးလွန်ခဲ့သော ပုဒ်မ ၃၀၂၊ ၃၀၄၊ ၃၈၂၊ ၃၉၂၊ ၃၉၃၊ ၃၉၄၊ ၃၉၅၊ ၃၉၆၊ ၃၉၇၊ ၃၉၈၊ ၃၉၉၊ ၄၀၂၊ ၄၃၅၊ ၄၃၆၊ ၄၄၉၊ ၄၅၀၊ ၄၅၇၊ ၄၅၈၊ ၄၅၉ နှင့် ၄၆၀ တစ်ခုခုအရ ပြစ်ဒဏ်ခံရမည့် ပြုလုပ်မှုမျိုးဖြစ်လျှင် ထိုပြုလုပ်မှုသည် ဤပုဒ်မနှင့် ပုဒ်မ ၁၇၆ ပါ “ပြစ်မှု” ဆိုသောစကား၌ အကျုံးဝင်သည်။ ထို့ပြင် “ပြစ်မှုကျူးလွန်သူ” ဆိုသော စကားရပ်တွင် ဆိုခဲ့သော ပြုလုပ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း စွပ်စွဲခြင်း ခံရသူလည်း အကျုံးဝင်သည်။



ကျင့်ထုံး

  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ။
  5. မည်သည့်တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။
  6. ရာကျင့် ၁၉၅(က) ကို လိုက်နာရသည်။