(၁) ဤကျင့်ထုံးဥပဒေအရ ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးစီရင်မှု၊ သို့မဟုတ် အခြားမှုခင်းဆောင်ရွက်မှ တစ်စုံတစ်ရာအတောအတွင်း၌ မည်သည့်အချိန်အခါမဆို ခရိုင်ရာဇဝတ် တရားသူကြီးတစ်ဦး၊ စက်ရှင်တရားရုံးတစ်ရုံး၊ သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က တရားဖြောင့်မှန်ရေး အတွက် သက်သေတစ်ဦးအား စစ်မေးရန် လိုအပ်သည်ဟူ၍လည်းကောင်း၊ အမှု အခြေအနေအရ မလျော်ကန်သော ကြန့်ကြာမှု၊ စရိတ်ကုန်ကျမှု၊ သို့မဟုတ် အဆင်မပြေမှုမရှိဘဲ အဆိုပါသက်သေ လာရောက်ခြင်းကို မရရှိနိုင်ဟူ၍လည်းကောင်း ယူဆလျှင် အဆိုပါ ရာဇဝတ် တရားသူကြီး၊ သို့မဟုတ် တရားရုံးသည် ထိုသက်သေလာရောက်ခြင်းကို ခွင့်လွှတ်နိုင်ပြီး၊ ထိုသက်သေ၏ ထွက်ဆိုချက်ကို ရယူရန်အတွက် ထိုသက်သေနေထိုင်ရာအရပ်တွင် စီရင်ပိုင်ခွင့်အာဏာ ရှိသော ခရိုင်ရာဇဝတ် တရားသူကြီး၊ သို့မဟုတ် ဗထမတန်းအာဏာရ ရာဇဝတ်တရားသူကြီးထံ ကော်မရှင်စာ ထုတ်ဆင့်နိုင်သည်။
(၂) x x x x x x x
(၂ က)။ x x x x x x
(၃) ကော်မရှင်စာရရှိသည့် ရာဇဝတ်တရားသူကြီးသည်၊ သို့မဟုတ် ထိုရာဇဝတ် တရားသူကြီးမှာ ခရိုင်ရာဇဝတ်တရားသူကြီးဖြစ်လျှင် ခရိုင်ရာဇဝတ်တရားသူကြီးသည်၊ သို့မဟုတ် ဤကိစ္စအလို့ငှာ ခရိုင်ရာဇဝတ်တရားသူကြီးက ခန့်ထားသော ပထမတန်းအာဏာရ ရာဇဝတ် တရားသူကြီးသည် သက်သေရှိရာအရပ်သို့ သွားရောက်ရမည်၊ သို့မဟုတ် သက်သေကို မိမိရှေ့သို့ လာရောက်စေရန် ဆင့်ဆိုရမည်။ ထို့နောက် ဤကျင့်ထုံးဥပဒေအရ ဝရမ်းမှုများ စစ်ဆေးစီရင်သည့် နည်းလမ်းနှင့် အာဏာများကို သုံးစွဲလျက် ၎င်းသက်သေ၏ထွက်ဆိုချက်ကို ရေးမှတ်ရမည်။
(၄) သက်သေမှာ ပြည်ထောင်စုမြန်မာနိုင်ငံပြင်ပရှိ နိုင်ငံတစ်နိုင်ငံ၊ သို့မဟုတ် အရပ်ဒေသတစ်ခုတွင် ရှိနေပြီး ပြစ်မှုများနှင့်စပ်လျဉ်း၍ သက်သေများ၏ သက်သေခံချက် ရယူရေးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရနှင့် အဆိုပါနိုင်ငံ၊ သို့မဟုတ် အရပ်ဒေသ၏ အစိုးရတို့က စီစဉ်ထားပြီးဖြစ်လျှင် ကော်မရှင်စာကို နိုင်ငံတော်အစိုးရက ဤကိစ္စအလို့ငှာ အမိန့်ကြော်ငြာဖြင့် သတ်မှတ်ထားသည့်အဘိုင်း ယင်းကော်မရှင်စာကို သတ်မှတ်ထားသောပုံစံဖြင့် အဆိုပါတရားရုံး၊ သို့မဟုတ် အရာရှိထံသို့ ရည်ညွှန်းလျက် တစ်ဆင့်လွှဲအပ်ပေးရန် သက်ဆိုင်ရာ အာဏာပိုင်ထံ ပေးပို့ရမည်။