ပုဒ်မ ၂၁၆
ပုဒ်မ ၂၁၆
အချုပ်မှ လွတ်ပြေးသော ပြစ်မှုကျူးလွန်သူကိုဖြစ်စေ၊ ဖမ်းဆီးရန် အမိန့်ချမှတ်ခြင်းခံရသောပြစ်မှု ကျူးလွန်သူကိုဖြစ်စေ လက်သင့်ခံခြင်း

မည်သူမဆို ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသူဖြစ်စေ၊ စွပ်စွဲခြင်းခံရသူဖြစ်စေ ထိုပြစ်မှုအတွက် ဥပဒေနှင့်အညီချုပ်နှောင်ထားရာမှ လွတ်ပြေးသောအခါ သို့မဟုတ် ပြည်သူ့ဝန်ထမ်း တစ်ဦးသည် မိမိရာထူးအလျောက် ဥပဒေနှင့်အညီ ရရှိသော အာဏာများကို ဆောင်ရွက်ရာတွင် သူတစ်ဦးအား ပြစ်မှုတစ်ခုခုအတွက် ဖမ်းဆီးစေရန် အမိန့်ထုတ်ဆင့်သောအခါ ထိုသို့ လွတ်ပြေးကြောင်းကို သို့မဟုတ် ထိုသို့ ဖမ်းဆီးစေရန် အမိန့်ထုတ်ပြီးကြောင်းကို သိလျက်နှင့် ထိုသူအား ဖမ်းဆီးခြင်းမှကာကွယ်ရန် အကြံဖြင့် လက်သင့်ခံလျှင် သို့မဟုတ် ဝှက်ထားလျှင် ထိုသို့လက်သင့်ခံသော သို့မဟုတ် ဝှက်ထားသော သူကို အောက်ပါအတိုင်း ပြစ်ဒဏ်ချမှတ်ရမည်။

သေဒဏ်ထိုက်သော ပြစ်မှုဖြစ်ပါက။

ထိုသူအချုပ်ခံရသော ပြစ်မှုသည် သို့မဟုတ် ထိုသူအား ဖမ်းဆီးရန် အမိန့်ထုတ်သော ပြစ်မှုသည် သေဒဏ်ထိုက်သော ပြစ်မှုဖြစ်ပါက ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ထိုက်သော ပြစ်မှုဖြစ်ပါက။

အဆိုပါ ပြစ်မှုသည် ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေထိုက်သော ပြစ်မှု ဖြစ်ပါက သုံးနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးကို ငွေဒဏ်နှင့်သော်လည်းကောင်း၊ ငွေဒဏ်မပါဘဲသော် လည်းကောင်း ချမှတ်ရမည်။

ထို့ပြင် အဆိုပါပြစ်မှုသည် တစ်နှစ်မှ ဆယ်နှစ်အောက်အထိ ထောင်ဒဏ်ထိုက်သော ပြစ်မှုဖြစ်ပါက ထိုပြစ်မှုအတွက် အများဆုံးပြဋ္ဌာန်းထားသော ကာလအပိုင်းအခြား၏ လေးပုံတစ်ပုံထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ဤပုဒ်မပါ “ပြစ်မှု” ဆိုသောစကားရပ်တွင် သူတစ်ဦးအား ပြည်ထောင်စုမြန်မာနိုင်ငံအပ၌ ပြစ်မှုထင်ရှားကျူးလွန်သည်ဟု စွပ်စွဲခံရသည်လည်းဖြစ်၍ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြစ်မှုထင်ရှားကျူးလွန်လျှင် ပြစ်ဒဏ်စီရင်ခြင်း ခံထိုက်သည်လည်း ဖြစ်သော ပြုလုပ်မှုသော်လည်းကောင်း၊ ပျက်ကွက်မှုသော်လည်းကောင်း၊ ထို့ပြင်တရားခံလွှဲပြောင်းခြင်း သို့မဟုတ် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ (* * *) အခြားနည်းဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းဖမ်းဆီးခြင်းခံထိုက်သော သို့မဟုတ် ချုပ်နှောင်ခြင်းခံထိုက်သော ပြုလုပ်မှုသော်လည်းကောင်း၊ ပျက်ကွက်မှု သော်လည်းကောင်းပါဝင်သည်။ ထို့ပြင် အဆိုပါ ပြုလုပ်မှုအတွက်ဖြစ်စေ၊ ပျက်ကွက်မှုအတွက်ဖြစ်စေ တရားခံသည် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသကဲ့သို့ ဤပုဒ်မအလို့ငှာ ပြစ်ဒဏ် စီရင်ခြင်းခံထိုက်သည်ဟု မှတ်ယူရမည်။

ကင်းလွတ်ချက်။ ဤပြဋ္ဌာန်းချက်သည် ဖမ်းဆီးခံရမည့်သူက လင်ဖြစ်လျှင် မယားက လင်ကို လက်သင့်ခံ ခြင်းနှင့် သော်လည်းကောင်း၊ ဝှက်ထားခြင်းနှင့်သော်လည်းကောင်း၊ ဖမ်းဆီးခံရမည့်သူက မယားဖြစ်လျှင် လင်ကမယားကို လက်သင့်ခံခြင်းနှင့်သော် လည်းကောင်း၊ ဝှက်ထားခြင်းနှင့်သော် လည်းကောင်း မသက်ဆိုင်။


ကျင့်ထုံး
  1. ပထမအပိုဒ်၊ဒုတိယအပိုဒ်၊တတိယအပိုဒ်တို့ပါ ပြစ်မှုများအတွက် ရဲအရေးပိုင်သည်။
  2. ကနဦးကပင် ဝရမ်းထုတ်ဆင့် ဖမ်းဆီးနိုင်သည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ။
  5. ပထမအပိုဒ်နှင့် ဒုတိယတို့ပါ သေဒဏ်နှင့် ထောင်ဒဏ်နှစ် ၂၀ သို့မဟုတ် ထောင်ဒဏ် ၁၀နှစ်ထိ ပြစ်ဒဏ်ထိုက်သည့် ပြစ်မှုဖြစ်ပါက ခရိုင်တရားရုံး၊ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည်။တတိယအပိုဒ်ပါ ထောင်ဒဏ် ၁ နှစ်မှ ၁၀ နှစ်အောက် ပြစ်ဒဏ်ထိုက်သည့် ပြစ်မှုဖြစ်ပါက ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိး၊စီရင်ပိုင်ခွင့်ရှိ တရားသူကြီးက စစ်ဆေးနိုင်သည်။