ပုဒ်မ ၅၃၀
ပုဒ်မ ၅၃၀
နည်းလမ်းမကျ၍ ပျက်ပြယ်သည့် အမှုများ

ဥပဒေအရ အာဏာအပ်နှင်းခြင်းမခံရသေးသည့် ရာဇဝတ်တရားသူကြီးတစ်ဦးဦးသည် အောက်ပါ အမှုကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်ခဲ့လျှင် ယင်းမှုခင်းကိစ္စ ဆောင်ရွက်ချက်များသည် ပျက်ပြယ်စေရမည်-

(က) ပုဒ်မ ၈၈ အရ ပစ္စည်းကို ဝရမ်းစွဲကပ် ရောင်းချမှု ၊

(ခ) စာတိုက်တွင်ရှိသော ချောစာ၊ ပါဆယ်၊ သို့မဟုတ် အခြားပစ္စည်း၊ သို့မဟုတ် ကြေးနန်းဌာနတွင်ရှိသော ကြေးနန်းစာကို ရှာဖွေရန် ရှာဖွေဝရမ်းထုတ်ဆင့်မှု၊

( ဂ ) ငြိမ်ဝပ်စွာ နေထိုင်ရန် အာမခံတောင်းဆိုမှု၊

(ဃ) ကောင်းစွာ ကျင့်ကြံနေထိုင်ရန် အာမခံတောင်းဆိုမှု၊

( င ) ကောင်းစွာ ကျင့်ကြံနေထိုင်ရန် ဥပဒေနှင့်အညီ ခံဝန်ချုပ်ဆိုရသူကို လွှတ်ပေးမှု၊

(စ) ငြိမ်ဝပ်စွာနေထိုင်ရန် ချုပ်ဆိုစေသည့် ခံဝန်ချုပ်ကို ပယ်ဖျက်မှု၊

(ဆ) ရပ်ရွာအတွင်း နှောင့်ယှက်မှုနှင့်စပ်လျဉ်း၍ ပုဒ်မ ၁၃၃ အရ အမိန့် ထုတ်ဆင့်မှု၊

(ဇ) အများပြည်သူနှောင့်ယှက်မှ ထပ်မံမပြုလုပ်ရန်၊ သို့မဟုတ်ဆက်လက် မပြုလုပ်စေရန် ပုဒ်မ ၁၄၃ အရ တားမြစ်မှု၊

(ဈ) ပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ဆင့်မှု၊

(ည) အခန်း ၁၂ အရ အမိန့်ချမှတ်မှု၊

( ဋ ) ပြစ်မှုတစ်ရပ်ရပ်ကို ပုဒ်မ ၁၉၀ ပုဒ်မခွဲ(၁) အပိုဒ်ငယ်(ဂ)အရ အရေးယူမှု၊

(ဌ) အခြားရာဇဝတ်တရားသူကြီးက ရေးမှတ်ထားသည့် မှုခင်းကိစ္စ ဆောင်ရွက် ချက်များအပေါ် ပုဒ်မ ၃၄၉ အရ ပြစ်ဒဏ်ချမှတ်မှု၊

(ဍ) ပုဒ်မ ၄၃၅ အရ အမှုတွဲများ တောင်းခေါ်မှု၊

( ဎ ) မယားစရိတ်၊ ကလေးစရိတ် ပေးစေရန် အမိန့်ချမှတ်မှု၊

(ဏ) ပုဒ်မ ၅၁၄ အရ ချမှတ်သည့် အမိန့်တစ်ရပ်ကို ပုဒ်မ ၅၁၅ အချ ပြင်ဆင်မှု၊

(တ) ပြစ်မှုကျုးလွန်သူကို စစ်ဆေးစီရင်မှု၊

(ထ) ပြစ်မှုကျူးလွန်သူကို အကျဉ်းနည်း စစ်ဆေးစီရင်မှု၊ သို့မဟုတ်

( ဒ ) အယူခံမှုကို စီရင်ဆုံးဖြတ်မှု။