ပုဒ်မ ၁၃၆
ပုဒ်မ ၁၃၆
ဖမ်းဆီးခံရမည့်သူ သို့မဟုတ် ဝရမ်းကပ်ရမည့်ပစ္စည်းသည် ခရိုင်ပြင်ပတွင် ရှိသောအခါ ဆောင်ရွက်ရန် လုပ်ထုံးလုပ်နည်း

(၁) ဒီကရီအတည်ပြုခြင်းနှင့် သက်ဆိုင်ခြင်းမရှိသည့် ကိစ္စနှင့် စပ်လျဉ်း၍ ဤဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်အရ တစ်ဦးဦးကို ဖမ်းဆီးရန် သို့မဟုတ် ပစ္စည်းတစ်ခုခုကို ဝရမ်းကပ်ရန် လျှောက်ထားသောအခါ ထိုသူနေထိုင်သည့် သို့မဟုတ် ထိုပစ္စည်း တည်ရှိသည့်နေရာမှာ လျှောက်ထားရာ တရားရုံး၏ စီရင်ပိုင်ခွင့်ဒေသပြင်ပတွင် တည်ရှိလျှင် တရားရုံးသည် လူဖမ်းဝရမ်း ကိုဖြစ်စေ၊ ပစ္စည်းဝရမ်းကပ်ရန်အမိန့်ကိုဖြစ်စေ မိမိ၏ သဘောအတိုင်း ထုတ်ဆင့်၍ ထိုသူနေထိုင်ရာ သို့မဟုတ် ထိုပစ္စည်း တည်ရှိရာနေရာတွင် စီရင်ပိုင်ခွင့်အာဏာရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး သို့မဟုတ် ခရိုင်တရားရုံးသို့ ဖမ်းဆီးခြင်း သို့မဟုတ် ဝရမ်းကပ်ခြင်း ပြုရာတွင် ကုန်ကျနိုင်သော တရားစရိတ်ငွေနှင့်တကွ လူဖမ်းဝရမ်း သို့မဟုတ် ပစ္စည်း ဝရမ်းကပ်ရန် အမိန့်မိတ္တူတစ်စောင်ကို ပေးပို့နိုင်သည်။

(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး သို့မဟုတ် ခရိုင်တရားရုံးသည် အဆိုပါမိတ္တူနှင့် တရားစရိတ်ငွေကို လက်ခံရရှိသောအခါ မိမိ၏ ရုံးအရာရှိများအားသော်လည်းကောင်း၊ မိမိလက်အောက်ခံ တရားရုံး တစ်ရုံးအားသော် လည်းကောင်း ဖမ်းဆီးစေနိုင်သည် သို့မဟုတ် ဝရမ်းကပ်စေနိုင်သည်။ ထိုသို့ဖမ်းဆီးကြောင်း သို့မဟုတ် ဝရမ်းကပ် ကြောင်းကို အဆိုပါဝရမ်း သို့မဟုတ် အမိန့်ထုတ်ဆင့်သော တရားရုံးသို့ အကြောင်းကြားရမည်။

(၃) ဤပုဒ်မအရ ဖမ်းဆီးခြင်းခံရသူက ဖမ်းဆီးရန် ဝရမ်းထုတ်ဆင့်သော တရားရုံးသို့ မိမိအား မပို့သင့်ကြောင်း ဖမ်းဆီးသော တရားရုံးကျေနပ်လောက်အောင် မတင်ပြလျှင်ဖြစ်စေ၊ ဖမ်းဆီးခြင်းခံရသူက ဖမ်းဆီးရန် ဝရမ်းထုတ်ဆင့်သော တရားရုံးသို့ သွားရောက်မည် ဖြစ်ကြောင်း သို့မဟုတ် ထိုတရားရုံးက မိမိအပေါ် ချမှတ်နိုင်သော ဒီကရီတစ်ရပ်ရပ်ကို ကျေအေးပြေငြိမ်းအောင် ပြုမည်ဖြစ်ကြောင်း လုံလောက်သော အာမခံ မတင်သွင်းလျှင် ဖြစ်စေ၊ ဖမ်းဆီးသော တရားရုံးသည် ဖမ်းဆီးရန် ဝရမ်းထုတ်ဆင့်သော တရားရုံးသို့ထိုသူအား ပို့ရမည်။ အထက်ပါအတိုင်း အကြောင်းပြ ချက်ကိုတင်ပြလျှင် သို့မဟုတ် အာမခံတစ်ရပ်ရပ်ကို တင်သွင်းလျှင် ဖမ်းဆီးသည့်တရားရုံးသည် ထိုသူအား လွှတ်ရမည်။

(၄) ဤပုဒ်မအရ ဖမ်းဆီးခြင်းခံရမည့်သူ သို့မဟုတ် ဝရမ်းကပ်ခံရမည့် ရွှေ့ပြောင်း နိုင်သော ပစ္စည်းသည် တရားလွှတ်တော်၏ သာမန်တရားမ မူလစီရင်ပိုင်ခွင့်ဒေသ အတွင်းတွင်ရှိသောအခါ လူဖမ်း ဝရမ်း သို့မဟုတ် ပစ္စည်းဝရမ်းကပ်ရန် အမိန့်မိတ္တူ တစ်စောင်ကို ဖမ်းဆီးရာတွင် သို့မဟုတ် ဝရမ်းကပ်ရာတွင် ကုန်ကျနိုင်သော စရိတ်ငွေနှင့်တကွ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး သို့မဟုတ် ခရိုင်တရားရုံးသို့ ပေးပို့ရမည်။ ထို့ပြင် ထိုတရားရုံးသည် အဆိုပါ မိတ္တူနှင့် စရိတ်ငွေကို လက်ခံရရှိသောအခါ ပုဒ်မခွဲ (၂) နှင့် ပုဒ်မခွဲ (၃)တို့ပါ ပြဌာန်းချက်များအရ မိမိသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး သို့မဟုတ် ခရိုင်တရားရုံးဖြစ်ဘိသကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်။ (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၉ ဖြင့် အစားထိုးပြင်ဆင်ထားသည်။)