(က) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်သည် ရာထူးတာဝန်ထမ်း ဆောင်နေစဉ် အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်းနိုင်ငံတော် သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်၊
(ခ) ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့် ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်နေရာလစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စု ဝန်ကြီးခန့်ထားခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအသစ် သို့မဟုတ် အဖွဲ့ဝင်အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်၊
(ဂ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်သည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့် နေ့မှစ၍ တည်ဆဲဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်။