ပုဒ်မ ၂၉၉
ပုဒ်မ ၂၉၉
ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများခန့်အပ် တာဝန်ပေးခြင်း

(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အကြီးအမှူးကို ပြည်ထောင်စုတရားသူကြီးချုပ်ဟု ခေါ်ရမည်၊

(ခ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများဦးရေအနည်းဆုံး ခုနစ်ဦးမှ အများဆုံး ၁၁ ဦးအထိ ခန့်အပ်နိုင် သည်၊

(ဂ) (၁) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်သင့်သော ပုဂ္ဂိုလ်၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသဘောတူညီချက် ရယူရမည်၊

(၂) ပုဒ်မ ၃၀၁ တွင် သတ်မှတ်ထားသော ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန် အမည်စာရင်းတင်သွင်းသူကို ငြင်းပယ်ခွင့်မရှိစေရ၊

(၃) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊

(၄) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိသည့် ပုဂ္ဂိုလ်အား ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်ရမည်။

(ဃ) (၁) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ညှိနှိုင်းကာ ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်သင့်သော ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသဘောတူညီချက်ရယူရမည်၊

(၂) ပုဒ်မ ၃၀၁ တွင် သတ်မှတ်ထားသော ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး များအဖြစ်ခန့်အပ်ရန် အမည်စာရင်းတင်သွင်းသူများကို ငြင်းပယ်ခွင့်မရှိစေရ၊

(၃) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်တာဝန် ပေးရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊

(၄) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိသည့် ပုဂ္ဂိုလ်များအား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်ရမည်။