တရားရုံးသည် အောက်ပါအကြောင်းခြင်းရာများကို သက်သေခံချက်မယူဘဲလက်ခံရမည်-
(၁) ပြည်ထောင်စုမြန်မာနိုင်ငံတော် သို့မဟုတ် အိန္ဒိယနိုင်ငံ သို့မဟုတ် ပါကစ္စတန်နိုင်ငံ၏မည်သည့်ဒေသ၌မဆို ယခုအချိန်တွင် အာဏာတည်ဆဲဖြစ်သည့် သို့မဟုတ် ယခင်အာဏာတည်ခဲ့သည့် သို့မဟုတ် နောင်တွင် အာဏာတည်မည့် ဥပဒေအားလုံး သို့မဟုတ် နည်းဥပဒေအားလုံး၊
(၂) ဂရိတ်ဗြိတိန်နှင့်အိုင်ယာလန်တို့ပါဝင်သော ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ပါလီမန်မှ ပြဋ္ဌာန်းထား သော သို့မဟုတ် နောင်ပြဋ္ဌာန်းမည်ဖြစ်သော အများပြည်သူတို့ဆိုင်ရာအက်ဥပဒေများအားလုံးနှင့် ဂရိတ် ဗြိတိန်နှင့် အိုင်ယာလန်တို့ပါဝင်သော ယူနိုက်တက်ကင်းဒမ်းနိုင်ငံက သက်သေခံချက်မယူဘဲလက်ခံရ မည်ဟုညွှန်ကြားသော ဒေသန္တရဆိုင်ရာနှင့်ပုဂ္ဂိုလ်ရေးရာ ဥပဒေများအားလုံး၊
(၃) ဗြိတိသျှဘုရင်မင်းမြတ်၏ ကြည်း၊ ရေ၊ လေ တပ်မတော်ဆိုင်ရာစစ်စည်းမျဉ်းများ၊
(၄) ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါလီမန်နှင့် ယူနိုက်တက်ကင်းဒမ်းတွင်ပါဝင်သည့် ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန်နိုင်ငံပါလီမန်တို့၏ လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်းများ၊
(၅) ယူနိုက်တက်ကင်းဒမ်းနိုင်ငံတွင်ပါဝင်သည့် ဗြိတိန်နှင့် အိုင်ယာလန်နိုင်ငံတို့၏ အကြီးအကဲတာဝန် ယူသည့် နေ့ရက်နှင့် တံဆိပ်လက်မှတ်များ၊
(၆) အင်္ဂလိပ်တရားရုံးများက သက်သေခံချက်မယူဘဲ လက်ခံရသည့် တံဆိပ်အမှတ်အသားများ၊ ပြည် ထောင်စုမြန်မာနိုင်ငံတော်ရှိ တရားရုံးများ၏ ရုံးတံဆိပ်များ၊ ပင်လယ်ရေကြောင်းဆိုင်ရာတရားရုံးများ နှင့် ပင်လယ်ရေကြောင်းဆိုင်ရာစီရင်ပိုင်ခွင့်တံဆိပ်များ၊ နိုထရိပဗ္ဗလစ် မှတ်ပုံတင်အရာရှိများ၏တံဆိပ် အမှတ်အသားများ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အားသုံးစွဲခွင့်ပြုထားသည့် တံဆိပ်အမှတ်အသားများ၊
(၇) ပြည်ထောင်စုမြန်မာနိုင်ငံတော်ရှိ မည်သည့်ဒေသ၌မဆို ရာထူးတစ်ခုခုတွင်အခါအားလျော်စွာခန့် ထားခြင်းခံရသူများအား အဆိုပါရာထူးခန့်ထားကြောင်းကို နိုင်ငံတော်ပြန်တမ်းတွင်ထုတ်ပြန်ကြေ ညာလျှင် ထိုသို့ခန့်ထားသည့်နေ့ရက်၊ ထိုသူ၏အမည်၊ ရာထူး၊ အလုပ်ဝတ္တရားများနှင့်ထိုးမြဲလက်မှတ် များ၊
(၈) ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတက အသိအမှတ်ပြုထားသောနိုင်ငံအသီးသီး၏တည်ရှိမှု၊ ယင်းနိုင်ငံ၏ တရားဝင်အမည်နှင့် နိုင်ငံတော်အလံ၊
(၉) နာရီတို့၏ အချိန်ကာလအပိုင်းအခြားများ၊ ကမ္ဘာမြေကြီး၏ ပထဝီဝင်အပိုင်းအခြားများ၊ နိုင်ငံ တော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာသည့်အများပြည်သူဆိုင်ရာ ပွဲနေ့များ၊ ဥပုသ်နေ့များနှင့်အလုပ် ပိတ်ရက်များ၊
(၁၀) ဗြိတိသျှအစိုးရပိုင်သည့် နယ်မြေဒေသအပိုင်းအခြားများ၊
(၁၁) အခြားနိုင်ငံတစ်ခုခုနှင့်ဖြစ်စေ၊ လူအစုအဝေးတစ်ခုခုနှင့်ဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်တို့ စစ်မက်စတင်ဖြစ်ပွားခြင်း၊ ဆက်လက်ဖြစ်ပွားခြင်းနှင့်ပြီးဆုံးခြင်း၊
(၁၂) တရားသူကြီးနှင့်တရားရုံးအရာရှိများ၏အမည်များ၊ ယင်းတို့က လွှဲအပ်သည့်အရာရှိများ၊ ယင်း တို့လက်အောက်အရာရှိများနှင့် လက်ထောက်များ၏အမည်များ၊ ထိုတရားရုံး၏အမိန့်ကို အတည်ပြု ရသည့်အရာရှိအားလုံး၏အမည်များ၊ ရှေ့နေအားလုံးနှင့်ဥပဒေအရတရားရုံးသို့ လာရောက်လျှောက်လဲဆောင်ရွက်ခွင့်ရသည့် အခြားသူများ၏အမည်များ၊
(၁၃) ကုန်းပေါ်၌ဖြစ်စေ၊ရေပေါ်၌ဖြစ်စေ၊ သွားလာရာတွင် လိုက်နာရမည့် လမ်းစည်းကမ်း။
ဤကိစ္စအားလုံး၌လည်းကောင်း၊ အများပြည်သူဆိုင်ရာသမိုင်း၊ စာပေ၊ သိပ္ပံပညာ၊ သို့မဟုတ် ဝိဇ္ဇာပညာ တို့နှင့်စပ်လျဉ်းသည့်ကိစ္စအားလုံး၌လည်းကောင်း၊ တရားရုံးသည် သင့်လျော်သည့်အကိုးအကား ပြုထိုက် သော စာအုပ်များ သို့မဟုတ် စာရွက်စာတမ်းများကိုရှာဖွေကြည့်ရှုနိုင်သည်။
အကြောင်းအချက်တစ်ခုခုကို တရားရုံးကသက်သေခံချက်မယူဘဲ လက်ခံရန်တစ်ဦးတစ်ယောက်က တရားရုံးသို့လျှောက်ထားလျှင် တရားရုံးက ထင်မြင်သည့်စာအုပ်သို့မဟုတ် စာရွက်စာတမ်း တစ်စုံတစ်ရာကိုထိုသူက တင်ပြခြင်းမပြုသေးသမျှ တရားရုံးက ငြင်းဆိုနိုင်သည်။