ဤအခန်းပါပြဋ္ဌာန်းချက်အရ စုံစမ်းထောက်လှမ်းသောအခါ တရားခံကို တရားသူကြီးတစ်ဦးထံ တင်ပို့လောက်အောင် လုံလောက်သော သက်သေခံချက် မရှိဟူ၍ လည်းကောင်း၊ သင်္ကာမကင်း ဖြစ်စရာ ယုတ္တိတန်သောအကြောင်းမရှိဟူ၍လည်ကောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းမှူး သို့မဟုတ် စုံစမ်း ထောက်လှမ်းခြင်းပြုသော ရဲအရာရှိက ယူဆလျှင် အဆိုပါအရာရှိသည် အချုပ်တွင်ရှိနေသော ထိုသူကို အာမခံသူများနှင့်ဖြစ်စေ၊ အာမခံသူများ မပါဘဲနှင့်ဖြစ်စေ ခံဝန်ချုပ်ဆိုစေ၍ လွှတ်လိုက်ရမည်။ ယင်းခံဝန်ချုပ်မှာ ရဲအစီရင်ခံစာအရ ပြစ်မှုကိုအရေးယူရန်နှင့် တရားခံကိုစစ်ဆေးစီရင်ရန် သို့မဟုတ် စစ်ဆေးစီရင်မှုအတွက် လွှဲအပ်တင်ပို့ရန်အာဏာရှိသော တရားသူကြီးရှေ့မှောက်သို့ လိုအပ်လျှင် သို့မဟုတ် လိုအပ်သည့်အခါ ၎င်းကို ရောက်ရှိ စေရန်ဖြစ်သည်။