(၁) စွပ်စွဲထားသည့်ပြစ်မှုကို မည်သည့် အချိန်အခါနှင့် မည်သည့် နေရာတွင် ကျုးလွန်ခဲ့ကြောင်း၊ ၎င်းပြင် လူတစ်ဦးတစ်ယောက်ကို ကျူးလွန်ခဲ့လျှင် မည်သူ့ကိုကျူးလွန်ခဲ့ ကြောင်း၊ သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာနှင့် စပ်လျဉ်း၍ ကျုးလွန်ခဲ့လျှင် မည်သည့် အရာဝတ္ထုနှင့် စပ်လျဉ်းပြီး ကျုးလွန်ခဲ့ကြောင်းများကို တရားခံက ၎င်းအပေါ် မည်သည့်အချက်များနှင့် စွဲချက် တင်သည့် အကြောင်းအရာများကို လျော်ကန်စွာသိသာနိုင်အောင် စွဲချက်တွင်ဖော်ပြပါရှိစေရမည်။
( ၂ ) တရားခံအပေါ် ပြစ်မှုမကင်းသည့် ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု၊ သို့မဟုတ် ငွေကို မရိုးမဖြောင့်သောသဘောဖြင့် အလွဲသုံးစားမှုနှင့် စွဲချက်တင်သည့်အခါ တစ်ခုချင်း သီးခြားအရေအတွက်၊ သို့မဟုတ် ရက်စွဲများအတိအကျကိုဖော်ပြခြင်းမပြုဘဲ ကျုးလွန်သည်ဟု စွပ်စွဲထားသောပြစ်မှုတွင် အကျုံးဝင်သည်ဆိုသည့် ငွေကြေးစုစုပေါင်း အရေအတွက်နှင့်တကွ မည်သည့်နေ့ရက်မှ မည်သည့်နေ့ရက်များအတွင်း ကျုးလွန်ခဲ့သည်ဟု ဖော်ပြလျှင် လုံလောက်စေရ မည်။ ၎င်းပြင် ထိုသို့တင်ထားသည့်စွဲချက်မှာ ပုဒ်မ ၂၃၄ ၏ အဓိပ္ပာယ်အရ ပြစ်မှုတစ်ရပ်ရပ်နှင့်တင်သော စွဲချက်ဖြစ်သည်ဟု မှတ်ယူရမည်။
သို့ရာတွင် ဆိုခဲ့သည့် ပထမနေ့စွဲနှင့် နောက်ဆုံးနေ့စွဲတို့အကြားကာလမှာ တစ်နှစ်ထက် မပိုစေရ။