ပုဒ်မ ၃၀
ပုဒ်မ ၃၀
ဖြောင့်ချက်ပေးသူနှင့်တကွပြစ်မှုတစ်မျိုးတည်းအတွက်အမှုတစ်ခုတည်းတွင်စစ်ဆေးစီရင်ခြင်းခံရသူများကိုပါ ထိခိုက်သည့်ပြင် သက်သေထင်ရှားလည်းရှိသော ဖြောင့်ချက်ကိုထည့်သွင်းစဉ်းစားခြင်း

တစ်ဦးထက်ပိုသောသူများကို ပြစ်မှုတစ်မျိုးတည်းအတွက်အမှုတစ်ခုတည်းတွင် အတူပူးတွဲလျက် စစ်ဆေးစီရင်သည့်အခါ ထိုသူများအနက် တစ်ဦးတစ်ယောက်သောသူက ပေးသောဖြောင့်ချက်သည် မိမိ နှင့် အခြားသူတစ်ဦးအပေါ်တွင် ထိခိုက်စေသည့်ဖြောင့်ချက်ဖြစ်ကြောင်း သက်သေထင်ရှားရှိလျှင် ထိုဖြောင့်ချက်ကိုဖြောင့်ချက်ပေးသူအပြင် အဆိုပါ အခြားသူအပေါ်တွင်လည်းတရားရုံးကထည့်သွင်း စဉ်းစားနိုင်သည်။

ရှင်းလင်းချက်။ ။ဤပုဒ်မတွင် အသုံးပြုထားသည့် “ပြစ်မှု” ဆိုသည့်စကားတွင် ထိုပြစ်မှုကိုအားပေးကူ ညီခြင်း သို့မဟုတ် ထိုပြစ်မှုကို ကျူးလွန်ရန် အားထုတ်ခြင်းလည်းပါဝင်သည်။

ဥပမာများ

(က) A နှင့် B တို့အား C ကိုသတ်မှုဖြင့် တစ်မှုတည်းတွင်အတူပူးတွဲစစ်ဆေးစီရင်သည်။ A က “B နှင့် ကျွန်တော် C ကိုသတ်သည်” ဟုပြောကြောင်း သက်သေထင်ရှားရှိသည်။တရားရုံးသည်ထိုဖြောင့်ချက် ၏အကျိုးသက်ရောက်မှုကို B အပေါ်တွင်ထည့်သွင်းစဉ်းစားနိုင်သည်။

(ခ) A အား C ကိုသတ်မှုဖြင့် စစ်ဆေးစီရင်သည်၊ C ကို A နှင့် B တို့သတ်ကြောင်းနှင့် B က “A နှင့် ကျွန်တော် C ကိုသတ်သည်” ဟုပြောကြောင်းသက်သေခံချက်ရှိသည်။

ဤပြောဆိုချက်ကို A အပေါ်တွင် တရားရုံးကထည့်သွင်းစဉ်းစားခြင်းမပြုနိုင်။ အဘယ့်ကြောင့်ဆိုသော် B ကို တစ်မှုတည်းတွင်ပူးတွဲစစ်ဆေးစီရင်ခြင်းမပြုသောကြောင့်ဖြစ်သည်။