မည်သူမဆို မိမိသို့သော်လည်းကောင်း၊ အခြားသူတစ်ဦးသို့သော်လည်းကောင်း ပြည်သူ့ဝန်ထမ်း တစ်ဦးဦးက ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် ဥပဒေနှင့်အညီ ထုတ်ဆင့်ပိုင်သည့်အတိုင်း ထုတ်ဆင့်သည့် သမ္မန်စာဖြစ်စေ၊ နို့တစ်စာဖြစ်စေ၊ အမိန့်စာဖြစ်စေ ချအပ်သည်ကို တစ်နည်းနည်းဖြင့် တမင်တားဆီးလျှင် သို့မဟုတ် တစ်နေရာရာတွင် ထိုသမ္မန်စာဖြစ်စေ၊ ထိုနို့တစ်စာဖြစ်စေ၊ ထိုအမိန့်စာဖြစ်စေ ဥပဒေနှင့်အညီ စွဲကပ်သည်ကို တမင်တားဆီးလျှင် သို့မဟုတ် ထိုသမ္မန်စာကိုဖြစ်စေ၊ ထိုနို့တစ်စာကိုဖြစ်စေ၊ ထိုအမိန့်စာ ကိုဖြစ်စေ ဥပဒေနှင့်အညီ စွဲကပ်ရာနေရာတစ်ခုခုမှ တမင်ခွာပစ်လျှင် သို့မဟုတ် ဥပဒေနှင့်အညီ ထုတ်ပြန် ကြေညာရန် ဆင့်ဆိုပိုင်သူ ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အမိန့်အရဥပဒေနှင့်အညီ ထုတ်ပြန်ကြေညာ သည်ကို တမင်တားဆီးလျှင် ထိုသူကို တစ်လထိအလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
သို့မဟုတ် သမ္မာန်စာတွင်ဖြစ်စေ၊ နို့တစ်စာတွင်ဖြစ်စေ၊ အမိန့်စာတွင်ဖြစ်စေ၊ ထုတ်ပြန်ကြေညာချက်တွင် ဖြစ်စေ တရားရုံးသို့ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ကိုသော်လည်းကောင်း လာရောက် စေရန် သို့မဟုတ် စာတမ်းအမှတ်အသားတစ်ခုခုကို တင်ပြစေရန် ပါရှိလျှင် ထိုသူကို ခြောက်လထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။