အမှုမှတ်တမ်းတစ်ခုခုကို ပုဒ်မ ၄၃၅ အရဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ကြည့်ရှု စစ်ဆေးသည့်အခါ ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် သို့မဟုတ် ခရိုင်တရားသူကြီးသည် ပုဒ်မ ၂၀၃ အရ သော်လည်းကောင်း၊ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (၃) အရ သော်လည်းကောင်း ပလပ်သည့် တိုင်တန်း ချက်ကိုဖြစ်စေ၊ တရားခံအား စွဲချက်မတင်မီ လွှတ်ထားသည့်အမှုကိုဖြစ်စေ ခရိုင်ရာဇဝတ်တရား သူကြီးကိုယ်တိုင်၊ သို့မဟုတ် ၎င်း၏လက်အောက်ရှိ ရာဇဝတ်တရားသူကြီးတစ်ဦးဦးက ထပ်မံစုံစမ်းစစ်ဆေးရန် ညွှန်ကြားနိုင်သည်။ ခရိုင်တရားရုံးသည် ကိုယ်တိုင် ထပ်မံစုံစမ်း စစ်ဆေးနိုင်သည်၊ သို့မဟုတ် လက်အောက်ရှိ ရာဇဝတ်တရားသူကြီးတစ်ဦးဦးကို ထပ်မံစုံစမ်း စစ်ဆေးရန် ညွှန်ကြားနိုင်သည်။
သို့ရာတွင် စွဲချက်မတင်မီ လွှတ်လိုက်သော တရားခံသည် ထပ်မံစုံစမ်းရန် ညွှန်ကြားခြင်းမပြုသင့်ကြောင်း အကြောင်းပြ ထုချေခွင့်မရရှိလျှင် မည်သည့်တရားရုံးကမျှ စုံစမ်းစစ်ဆေးရန် ဤပုဒ်မအရ ညွှန်ကြားခြင်းမပြုရ။