ပုဒ်မ ၉၇
ဥပဒေပြုခြင်း
(က) ပြည်ထောင်စုလွှတ်တော်သည် ဥပဒေတစ်ရပ်ပြဋ္ဌာန်းသည့်အခါ-
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း တစ်ရပ်ရပ်အား ယင်းဥပဒေနှင့် သက်ဆိုင်သည့် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်း နိုင်သည်၊
(၂) သက်ဆိုင်ရာအဖွဲ့အစည်းသို့မဟုတ် အာဏာပိုင်အား ယင်းဥပဒေနှင့် သက်ဆိုင်သည့် အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်းနိုင်သည်။
(ခ) ဥပဒေတစ်ရပ်က အပ်နှင်းသည့် လုပ်ပိုင်ခွင့်အရပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များ နှင့် လည်းကောင်း၊ သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း ညီညွတ်မှုရှိရမည်၊
(ဂ) ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်လုံးက နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် ဆုံးဖြတ်ပါက ယင်းနည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်း ကမ်းကို ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်သည် သို့မဟုတ် ပြင်ဆင်စေ သည်ဟု မှတ်ယူရမည်၊
(ဃ) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင် စေရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရမည်၊
(င) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် ပုဒ်မခွဲ (ဂ) သို့မဟုတ် (ဃ) အရ ဆုံးဖြတ်ပါက ထိုသို့ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်စေခြင်း မပြုမီ ယင်းနည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းအရ ဆောင်ရွက်ခဲ့ပြီးသော အမှုကိစ္စများကို ထိခိုက်ခြင်းမရှိစေရ။