ပစ္စည်းတစ်ခုခုနှင့် စပ်လျဉ်း၍ ပဋိညာဉ်ပြုခြင်း၊ ဂရန်ချထားပေးခြင်းသို့မဟုတ် အခြားနည်းစီမံ ခြင်းကိုသက်သေခံသည့် သက်သေတစ်ဦးအားထိုသို့ သက်သေခံနေစဉ်အတွင်း ဆန့်ကျင်ဘက်အမှုသည်က အဆိုပါကိစ္စတစ်ခုခုကို စာချုပ်စာတမ်းတွင်ထည့်သွင်းထားခြင်းရှိ မရှိ မေးမြန်းနိုင်သည်။ အကယ်၍ ထိုသက်သေက ထိုသို့ထည့်သွင်းထားသည်ဟု ဖြေဆိုလျှင် ထိုစာချုပ်စာတမ်းကိုမတင်ပြသေးသမျှ ထိုသို့ သက်သေခံခြင်းကိုဆန့်ကျင်ဘက်အမှုသည်က ကန့်ကွက်နိုင်သည်။သို့ရာတွင် ထိုစာချုပ်စာတမ်းကိုတင်ပြရန် လိုအပ်သည်ဟု တရားရုံးကထင်မြင်လျှင် တရားရုံးသည် ထိုသို့ ကန့်ကွက်ခြင်းကိုလက်ခံ၍ ထိုသို့တင်ပြရန် မလိုအပ်ဟု ထင်မြင်ပါက ထိုကန့်ကွက်ချက်ကိုပယ်နိုင်သည်။ အကယ်၍ထိုသက်သေက စာချုပ်စာတမ်းတစ်ခုခုတွင်ပါရှိသည့် အကြောင်းအချက်များနှင့်စပ်လျဉ်း၍ထွက်ဆိုမည်ပြုလျှင်၊ ထိုသက် သေကိုတင်ပြသည့် အမှုသည်က ထိုစာချုပ်စာတမ်း၏ဒုတိယအဆင့် သက်သေခံချက်တင်ပြပိုင်ခွင့်ရှိ ကြောင်း သက်သေထင်ရှားတင်ပြခြင်းမပြုသေးသမျှ ထိုသို့သက်သေခံခြင်းကိုဆန့်ကျင်ဘက်အမှုသည်က ကန့်ကွက်နိုင်သည်။
ရှင်းလင်းချက် ။ စာတမ်းအမှတ်အသားတွင်ပါရှိသော အချက်များနှင့်ပတ်သက်၍ အခြားသူများ ၏ထွက်ဆိုချက်များသည်စပ်ဆိုင်သော အကြောင်းခြင်းရာဖြစ်လျှင်သက်သေတစ်ဦးလည်း အဆိုပါ ပြောဆိုချက်ကို နှုတ်သက်သေပေးနိုင်သည်။
ဥပမာများ
ပြဿနာမှာ A သည် B အားလက်ရောက်မှုကျူးလွန်ခြင်း ရှိမရှိဖြစ်သည်။
“B က ကျွန်တော့်အားခိုးမှုဖြင့် စွပ်စွဲသော စာတစ်စောင်ရေးသဖြင့် ကျွန်တော့်သူ့ကိုလက်စားချေမည်” ဟု A က D ကိုပြောသည်ကိုကြားရသည်ဟူ၍ C ကထွက်ဆိုသည်။ ထိုထွက်ဆိုချက်မှာ A အတွက်လက် ရောက်မှု ကျူးလွန်ရန်စေ့ဆော်ချက်ဖြစ်ကြောင်းပေါ်လွင်သဖြင့်စပ်ဆိုင်သည်။ ထိုစာနှင့်စပ်လျဉ်း၍အခြားမည်သည့်သက်သေခံချက်ကိုမျှ မတင်ပြသော်လည်းအဆိုပါထွက်ဆိုချက်နှင့်စပ်လျဉ်း၍ သက်သေ ခံချက်တင်ပြနိုင်သည်။