(၁) ပြစ်မှုကျူးလွန်သူတစ်ဦးအပေါ် ငွေဒဏ်ပေးဆောင်ရန် စီရင်ချက် ချမှတ်သည့် အခါတိုင်း ယင်းသို့ စီရင်ချက်ချမှတ်သည့် တရားရုံးသည် အောက်ပါနည်းလမ်းများအနက် တစ်နည်းနည်း၊ သို့မဟုတ် နှစ်နည်းစလုံးဖြင့် ငွေဒဏ်ကို အရတောင်းခံနိုင်ရန်အတွက် အရေးယူ ဆောင်ရွက်နိုင်သည်။ ဆိုလိုသည်မှာ ယင်းတရားရုံးသည် -
(က) ပြစ်မှုကျုးလွန်သူပိုင် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းတစ်စုံတစ်ရာကို ဝရမ်းစွဲကပ် ရောင်းချခြင်းအားဖြင့် ငွေကိုကောက်ခံရယူရန်အတွက် ဝရမ်းထုတ်ဆင့် နိုင်သည်၊
( ခ ) ငွေဒဏ်မပေးမဆောင် ပျက်ကွက်သူပိုင် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ သို့မဟုတ် မရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ သို့မဟုတ် ပစ္စည်း နှစ်မျိုးစလုံး ပေါ်တွင် တရားမကြောင်း လုပ်ငန်းစဉ်အတိုင်း အတည်ပြုခြင်းအားဖြင့် ၎င်းငွေကိုရယူရန် မြို့နယ်စုကော်လိတ္တော် အရာရှိအား အခွင့်အာဏာ အပ်နှင်းသည့် ဝရမ်းထုတ်ဆင့်နိုင်သည်။
သို့ရာတွင် ၎င်းငွေဒဏ်ကို ပေးဆောင်ရန်ပျက်ကွက်ပါက ပြစ်မှုကျူးလွန်သူအား အကျဉ်းထောင်တွင် အကျဉ်းချထားရန် စီရင်ချက်၌ ညွှန်ကြားထားလျှင်၊ ထို့ပြင် ၎င်းမှာလည်း ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်သည့်အတွက် ထောင်ဒဏ်အပြည့်ကို ကျခံခဲ့ပြီးဖြစ်သည့်အခါ ပြစ်မှုကျုးလွန်သူသည် ငွေဒဏ်အားလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းကိုဖြစ်စေ ပေးဆောင်နိုင်စွမ်း ရှိသည်ဟု တရားရုံးက ရေးမှတ်သားရမည်။ အထူးအကြောင်းပြချက်များအရ သဘောထင်မြင်သည် မဟုတ်လျှင် မည်သည့်တရားရုံးကမျှ ဆိုခဲ့သည့်ဂရမ်းမျိုးကို မထုတ်ဆင့်စေရ။
(၂) ပုဒ်မခွဲ(၁)၊ အပိုဒ်(က)အရ ဝရမ်းအတည်ပြုရန်နည်းဥပဒေကို စည်းမျဉ်း ကန့်သတ် ပြုလုပ်ပေးရန်မှစ၍ ထိုဝရမ်းအတည်ပြုရာ၌ ဝရမ်းစွဲကပ်သည့် ပစ္စည်းတစ်စုံတစ်ရာနှင့် စပ်လျဉ်းပြီး ပြစ်မှုကျုးလွန်သူမှတစ်ပါး အခြားသူတစ်ဦးတစ်ယောက်က ပိုင်ဆိုင်သည်ဟု အဆိုရှိသော အချက်ကို အကျဉ်းနည်းဖြင့်ဆုံးဖြတ်ရန်အတွက် နိုင်ငံတော်သမ္မဘက နည်းဥပဒေ များကို ပြဋ္ဌာန်းနိုင်သည်။
( ၃ ) တရားရုံးများက ပုဒ်မခွဲ (၁)၊ အပိုဒ် (ခ) အရ ကော်လိတ္တော်အရာရှိထံ ဝရမ်းထုတ်ဆင့်ရာတွင် တရားမကျင့်ထုံးဥပဒေ၏အဓိပ္ပာယ်အရ အဆိုပါဝမ်းမျိုးကို ဒီကရီဟု မှတ်ယူရမည့်အပြင် ကော်လိတ္တော်အရာရှိကိုလည်း ဒီကရီရသူဟု မှတ်ယူရမည်။ ထို့ပြင် တူညီသော ငွေပမာဏအတွက် ဒီကရီတစ်စုံတစ်ရာကို အတည်ပြုနိုင်သည့် အနီးဆုံးတရားမရုံးတော်ကို ဆိုခဲ့သည့် ကျင့်ထုံးဥပဒေပါကိစ္စများအလို့ငှာ ၎င်းဒီကရီကိုချမှတ်သည့်တရားရုံးဟု မှတ်ယူရမည်။ ထို့ပြင် ယင်းကျင့်ထုံးဥပဒေ ပါဒီကရီများ အတည်ပြုခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များမှာလည်း အကြောင်းအားလျော်စွာ သက်ဆိုင်စေရမည်။
သို့ရာတွင် ပြစ်မှုကျုးလွန်သူကို ဖမ်းဆီးခြင်း၊ သို့မဟုတ် အကျဉ်းချထားခြင်းအားဖြင့် မည်သည့်ဝရမ်းကိုမျှ အတည်မပြုရ။
(၄) ပုဒ်မပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ ပုဒ်မ ၃၈ဂ ပါပြဋ္ဌာန်းချက်များကို မထိခိုက်စေရ။