ပုဒ်မ ၆၂
ပုဒ်မ ၆၂
နေအိမ်ရှိပစ္စည်းကို သိမ်းယူခြင်း

(၁) ရွှေ့ပြောင်းနိုင်သောပစ္စည်းကိုသိမ်းယူရန် ညွှန်ကြားသည့် သို့မဟုတ် တာဝန်ပေးအပ်သည့် အမိန့်တစ်ရပ်ရပ်ကို ဤဥပဒေအရ အတည်ပြုသော မည်သူမျှ မည်သည့်နေအိမ်အတွင်းသို့မဆို နေဝင်နှင့်နေထွက်အကြား ဝင်ရောက်ခြင်း မပြုရ။

(၂) အိမ်တစ်အိမ်၌ တရားရှုံးနေထိုင်လျက်ရှိပြီး ယင်းနေအိမ်အတွင်းသို့ ဝင်ရောက် ခြင်းကို တရားရှုံးက ငြင်းဆန်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် တားဆီးခြင်း မပြုလျှင် နေအိမ်အပြင်ဘက် တံခါးကို ဖျက်ဖွင့်ခြင်းမပြုရ။ သို့သော် အမိန့်အတည်ပြုသူသည် အိမ်တစ်အိမ်အတွင်း နည်းလမ်းတကျ ဝင်ရောက်ပြီးဖြစ်ပါက ထိုပစ္စည်းရှိမည်ဟု ယုံကြည်ရန် အကြောင်းရှိသော မည်သည့်အခန်း၏ တံခါးကို မဆို ဖျက်ဖွင့်နိုင်သည်။

(၃) နေအိမ်အတွင်းရှိအခန်းတွင် မိန်းမတစ်ဦး အမှန်တကယ်နေထိုင်လျက်ရှိပြီး ယင်းမိန်းမမှာ ဒေသဓလေ့ထုံးတမ်းအရ အများပြည်သူရှေ့တွင် သွားလာခြင်းမပြုသူဖြစ်ပါက အမိန့် အတည်ပြုသူသည် ထိုမိန်းမအား ထွက်သွားနိုင်ခွင့်ရှိကြောင်း ပြောကြားရမည်။ ထိုမိန်းမအား ထွက်သွားနိုင်ရန် သင့်လျော်သောအချိန်နှင့် သင့်လျော်သော အခွင့်အလမ်း ပေးပြီးနောက် ပစ္စည်းသိမ်းယူရန်အတွက် ထိုအခန်းအတွင်းသို့ ဝင်ရောက်နိုင်သည်။ တစ်ချိန်တည်းမှာပင် ပစ္စည်းကို တိတ်တဆိတ်ဖယ်ရှားခြင်း မပြုနိုင်အောင် ဤပြဌာန်း ချက်များနှင့်အညီ ကြိုတင်ကာကွယ်ရမည်။