(၁) ပုဒ်မ ၁၀၆ အရ သို့မဟုတ် ပုဒ်မ ၁၁၈ အရ အာမခံပေးရန် အမိန့်ချမှတ်ခြင်းခံရသူ မည်သူ မဆိုသည် အဆိုပါ အာမခံပေးရမည့် ကာလအပိုင်းအခြား စတင်သော နေ့ရက်တွင်ဖြစ်စေ၊ ထိုနေ့ရက်မတိုင်မီ တွင်ဖြစ်စေ အာမခံ မပေးခဲ့လျှင် အောက်တွင်ဖော်ပြထားသည့် အချက်တွင် မှတစ်ပါး ထိုသူကို အကျဉ်းထောင်သို့ ပို့ရမည်။ အကယ်၍ ထိုသူကို အကျဉ်း ထောင် တွင် ချုပ်ထားပြီးဖြစ်လျှင် အဆိုပါ ကာလအပိုင်းအခြား ကုန်ဆုံးသည်အထိ သို့မဟုတ် ထိုကာလ အပိုင်းအခြားအတွင်း ထိုသူက မိမိအား အာမခံတောင်းသည့် တရားရုံး သို့မဟုတ် တရားသူကြီး ထံ အာမခံပေးသည်အထိ အကျဉ်းထောင်တွင် ထိန်းသိမ်းထားရမည်။
စက်ရှင်တရားရုံးရှေ့သို့ မည်သည့်အခါ အမှုတွဲပေးပို့ရခြင်း
(၂) တရားသူကြီးက ဆိုခဲ့သည့်သူကို တစ်နှစ်ထက်ပိုသော ကာလအပိုင်းအခြားအတွက် အာမခံ ပေးရန် အမိန့်ချမှတ်သည့်အခါ ထိုသူက ဆိုခဲ့သည့်အတိုင်း အာမခံမပေးလျှင် အဆိုပါ တရားသူကြီးသည် ခရိုင်တရားရုံး က အမိန့်မချမှတ်မီ ထိုသူကို အကျဉ်းထောင်၌ ထိန်းသိမ်းထားရန် ညွှန်ကြားသော ဝရမ်းတစ်စောင်ကို ထုတ်ဆင့်ရမည်။ ထို့ပြင် အမှုတွဲ များကိုလည်း အဆိုပါ ခရိုင်တရားရုံး သို့ အခွင့်သင့်လျှင် သင့်သလို အမြန်ပေးပို့ရမည်။ (ရာဇဝတ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အမှတ် ၁၆ /၂၀၁၆ )
(၃) ထိုခရိုင်တရားရုံးသည် ဖော်ပြပါအမှုတွဲများကို ကြည့်ရှုလေ့လာပြီး မိမိလိုအပ်သည် ထင်မြင်သည့် နောက်ထပ် အချက်အလက် သို့မဟုတ် သက်သေခံချက်များကို တရားသူကြီးထံမှ တောင်းယူ ပြီးနောက် အမှုနှင့်ပတ်သက်၍ မိမိသင့်သည်ထင်သော အမိန့်ကို ချမှတ်နိုင်သည်။ (ရာဇဝတ် ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေအမှတ် ၁၆ /၂၀၁၆)
သို့ရာတွင် အာမခံပေးရန် ပျက်ကွက်သည့်အတွက် တစ်ဦးတစ်ယောက်ကို ထောင်ချသည့် ကာလအပိုင်းအခြားသည် (အကယ်၍ရှိခဲ့လျှင်) သုံးနှစ်ထက် မပိုစေရ ။
(၃-က) ပုဒ်မခွဲ (၂) အရ ခရိုင်တရားရုံး ထံသို့ အမှုလွှဲအပ်ခြင်းခံရသူတစ်ဦးဦး ပါဝင်နေသည့် အမှုတစ်မှုအတွင်းမှ နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသောသူများထံမှ အာမခံ တောင်းဆို ရန် လိုအပ်ခဲ့လျှင် အဆိုပါ လွှဲအပ်မှုသည် အာမခံပေးရန် အမိန့်ချမှတ်ခြင်း ခံရသော ဆိုခဲ့သည့် သူများထဲမှလည်း အခြားသူနှင့်လည်း အကျုံးဝင်စေရမည်။ ထိုကိစ္စတွင် ပုဒ်မခွဲ (၂) နှင့် (၃) ပါ ပြဋ္ဌာန်းချက်များသည် အဆိုပါ အခြားသူနှင့်လည်း သက်ဆိုင်စေ ရမည်။ သို့သော် ထိုသူကို ထောင်ချရမည့် ကာလအပိုင်းအခြားသည် (အကယ်၍ ရှိခဲ့လျှင်) ထိုသူ အာမခံပေးရန် အမိန့်ချမှတ်ခြင်းခံရသည့် ကာလ အပိုင်း အခြားထက် မပိုစေရ။ (ရာဇဝတ် ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ အမှတ် ၁၆ /၂၀၁၆ )
(၃-ခ) ခရိုင်တရားသူကြီး သည် ပုဒ်မခွဲ (၂) သို့မဟုတ် ပုဒ်မခွဲ (၃-က) အရ မိမိထံပေးပို့သော မည်သည့်အမှုတွဲကိုမဆို တွဲဖက်ခရိုင်တရားသူကြီးသို့ဖြစ်စေ၊ ဒုတိယခရိုင်တရားသူကြီး သို့ဖြစ်စေ မိမိသဘောအတိုင်း လွှဲအပ်နိုင်သည်။ ထိုသို့လွှဲအပ်သည့် အခါ အဆိုပါတွဲဖက် ခရိုင်တရားသူကြီး သို့မဟုတ် ဒုတိယခရိုင် တရားသူကြီးသည် အဆိုပါအမှုတွဲနှင့် ပတ်သက်၍ ဤပုဒ်မအရ ခရိုင်တရားသူကြီး၏ အာဏာများကို သုံးစွဲနိုင်သည်။ (ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ အမှတ် ၁၆ /၂၀၁၆)
(၄) အာမခံပေးလိုကြောင်း ထောင်တာဝန်ခံအရာရှိသို့ ပြောကြားလျှင် ထိုအရာရှိသည် အမိန့် ချမှတ်ခဲ့သည့် တရားရုံး သို့မဟုတ် တရားသူကြီးထံသို့ ထိုကိစ္စကို ချက်ချင်းတင်ပြရမည့် အပြင် အဆိုပါ တရားရုံး သို့မဟုတ် တရားသူကြီး၏ အမိန့်ကို စောင့်ဆိုင်းနာခံရမည်။
ထောင်ဒဏ်အမျိုးအစား
(၅) ငြိမ်ဝပ်စွာနေထိုင်ရန် အာမခံပေးရန် ပျက်ကွက်မှုအတွက် ချမှတ်သည့်ထောင်ဒဏ်သည် အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေရမည်။
(၆) ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ရန် အာမခံပေးရန် ပျက်ကွက်မှုအတွက် ချမှတ်သည့် ထောင်ဒဏ်သည် ပုဒ်မ ၁ဝ၈ အရ အရေးယူသည့်ကိစ္စတွင် အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ ရမည်။ ပုဒ်မ ၁ဝ၉ သို့မဟုတ် ပုဒ်မ ၁၁ဝ အရ အရေးယူသည့် ကိစ္စမျိုး၌ အမှုတစ်မှုစီတွင် တရားရုံး သို့မဟုတ် တရားသူကြီးက ညွှန်ကြားသည့်အတိုင်း အလုပ်နှင့်ထောင်ဒဏ် သော် လည်းကောင်း၊ အလုပ်မဲ့ထောင်ဒဏ် သော်လည်းကောင်း ဖြစ်စေရမည်။