ပုဒ်မ ၂၁၁
ပုဒ်မ ၂၁၁
အမှုစီရင်ရာ၌ တရားခံဘက် သက်သေများ စာရင်း

(၁) စွဲချက်ကို တရားခံအားဖတ်ပြ၍ အကြောင်းအရာများ ရှင်းလင်းပြောပြပြီး သည့်အခါ မိမိအတွက် မိမိကိုယ်တိုင် သက်သေခံချက် ပေးလိုသည်၊ မပေးလိုသည်၊ ထိုပြင် သက်သေများကို ခေါ်လိုသည်၊ မခေါ်လိုသည်များကို တရားခံက ချက်ချင်းတင်ပြရမည်ဖြစ်သည်။ ထို့ပြင် ရာဇဝတ်တရားသူကြီးသည် ကျင့်ထုံး ဥပဒေပုဒ်မ ၃၄၂ ပုဒ်မခွဲ (၁)ပါ လိုအပ်သည့် နည်းလမ်းအတိုင်း တရားခံအား သတိပေးရမည်။

(၂) တရားခံသည် သက်သေများ ခေါ်စစ်ဆေးရန် ဆန္ဒရှိလျှင် သက်သေခံရန် ဆင့်စာချပေးစေလိုသူများ၏ အမည်များ၊ အလုပ်အကိုင်များနှင့် နေရပ်လိပ်စာများစာရင်း တစ် စောင်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ချက်ချင်းတင်ပြစေရမည်။

နောက်ထပ်စာရင်း။

(၃) ရာဇဝတ်တရားသူကြီးသည် မိမိသဘောအတိုင်း နောက်အချိန်တွင် တရား ခံအား နောက်ထပ်သက်သေများ စာရင်းတင်သွင်းစေရန် ခွင့်ပြုနိုင်သည်။ ထို့ပြင် စစ်ဆေးစီရင် ရန်အတွက် တရားခံကို တရားလွှတ်တော်သို့ လွှဲအပ်တင်ပို့လျှင်လည်း ၎င်းကို စစ်ဆေးကြားနာရာ၌ သက်သေခံရန် ဆင့်စာချပေးစေလိုသူများ၏ အမည်စာရင်းကို တရားရုံးအရာရှိထံသို့ ထပ်မံတင်ပေးခြင်းကို ဤပုဒ်မပါ မည်သည့်အချက်အရမျှ တားမြစ်ကြောင်း မှတ်ယူခြင်း မရှိရ။ သို့ရာတွင် ဤပုဒ်မခွဲပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ နောက်ထပ်စာရင်းတွင် အမည်ဖော်ပြပါရှိသူ တစ်ဦးဦးသို့ အဆိုပါစစ်ဆေးမှု၌ ဆင့်ခေါ်စစ်ဆေးရမည်ဟူ၍ တောင်းဆိုနိုင်ရန် တရားခံအား အခွင့်အရေးပေးအပ်ခြင်းမရှိစေရ။