မည်သူမဆို −
(က) ညစ်ညမ်းသောစာအုပ်၊ လက်ကမ်းစာစောင်၊ စာရွက်စာတမ်း၊ ရေးဆွဲသောပုံ၊ ပန်းချီကား၊ ပုံသဏ္ဌာန် ရုပ်ပုံတစ်မျိုးမျိုးကို သို့မဟုတ် ညစ်ညမ်းသော အရာဝတ္ထုကို ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ဝေငှခြင်း၊ အများ ပြည်သူတို့ မြင်သာအောင်ပြသခြင်း တစ်ခုခုကိုပြုလျှင် သို့မဟုတ် နည်းတစ်မျိုးမျိုးဖြင့် ဖြန့်ချိခြင်း ပြုလျှင် သို့မဟုတ် ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ဝေငှခြင်း၊ အများပြည်သူတို့ မြင်သာအောင်ပြခြင်း၊ ဖြန့်ချိခြင်း ကိစ္စတစ်ခုခုအလို့ငှာ ပြုလျှင် သို့မဟုတ် ထုတ်လုပ်လျှင် သို့မဟုတ် လက်ရှိထားလျှင်၊ သို့မဟုတ်
(ခ) ညစ်ညမ်းသော အရာဝတ္ထုတစ်ခုခုကို အထက်ဆိုခဲ့သည့် ကိစ္စတစ်ခုခုအတွက် သို့မဟုတ် ထိုအရာ ဝတ္ထုတစ်ခုခုကို ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ဝေငှခြင်း၊ အများပြည်သူတို့မြင်သာအောင်ပြသခြင်း၊ နည်းတစ်မျိုးမျိုးဖြင့် ဖြန့်ချိခြင်း တစ်ခုခုပြုမည်ဖြစ်ကြောင်းကို သိလျက်နှင့်သော်လည်းကောင်း၊ ထိုသို့ ယုံကြည်ရန်အကြောင်းရှိလျက်နှင့် သော်လည်းကောင်း နိုင်ငံအတွင်းသို့သွင်းခြင်း၊ နိုင်ငံအပသို့ထုတ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း တစ်ခုခုပြုလျှင်၊ သို့မဟုတ်
(ဂ) ညစ်ညမ်းသော အရာဝတ္ထုတစ်ခုခုကို အထက်ဆိုခဲ့သည့် ကိစ္စတစ်ခုခုအတွက် ပြုကြောင်းကိုဖြစ်စေ၊ ထုတ်လုပ်ကြောင်းကိုဖြစ်စေ၊ ဝယ်ကြောင်းကိုဖြစ်စေ၊ ထားရှိကြောင်းကိုဖြစ်စေ၊ နိုင်ငံအတွင်းသို့ တင်သွင်း ကြောင်းကိုဖြစ်စေ၊ နိုင်ငံအပသို့ထုတ်ကြောင်းကိုဖြစ်စေ၊ သယ်ယူပို့ဆောင်ကြောင်းကိုဖြစ်စေ၊ အများပြည်သူမြင်သာအောင် ပြသကြောင်းကိုဖြစ်စေ၊ နည်းတစ်မျိုးမျိုးဖြင့် ဖြန့်ချိကြောင်းကိုဖြစ်စေ သိသော သို့မဟုတ် ယုံကြည်ရန်အကြောင်းရှိသော လုပ်ငန်းကို လုပ်ကိုင်ရာတွင် ပါဝင်ဆောင်ရွက်လျှင် သို့မဟုတ် ထိုလုပ်ငန်းမှ အမြတ်အစွန်း ရရှိလျှင်၊ သို့မဟုတ်
(ဃ) ဤပုဒ်မအရ ပြစ်မှုဖြစ်သော ပြုလုပ်မှုတစ်ခုခုတွင် သူတစ်ဦးဦး ပါဝင်ဆောင်ရွက်ကြောင်းကို သို့မဟုတ် ပါဝင်ဆောင်ရွက်ရန် အသင့်ရှိကြောင်းကိုဖြစ်စေ၊ အဆိုပါညစ်ညမ်းသော အရာဝတ္ထုတစ်ခုခုကို သူတစ်ဦးဦးထံမှ သော်လည်းကောင်း၊ တစ်ဆင့်သော်လည်းကောင်း ရယူနိုင်ကြောင်းကိုဖြစ်စေ နည်းတစ်မျိုးမျိုးဖြင့် ကြော်ငြာလျှင် သို့မဟုတ် ကြားသိစေလျှင်၊ သို့မဟုတ်
(င) ဤပုဒ်မအရ ပြစ်မှုမြောက်သော ပြုလုပ်မှုတစ်ခုခုကိုပြုရန် ကမ်းလှမ်းလျှင် သို့မဟုတ် အားထုတ်လျှင် ထိုသူကို သုံးလထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ကင်းလွတ်ချက်။ ဤပုဒ်မသည် ကိုးကွယ်သည့်ဘာသာကိစ္စများအလို့ငှာ သဘောရိုးဖြင့် ထားရှိသော သို့မဟုတ် သုံးစွဲသောစာအုပ်၊ လက်ကမ်းစာစောင်၊ အရေးအသား၊ ရေးဆွဲသောပုံ၊ ပန်းချီကား တစ်မျိုးမျိုး နှင့်ဖြစ်စေ၊ ကိုးကွယ်သည့်ဘာသာရေးဆိုင်ရာ အဆောက်အအုံတွင်သော်လည်းကောင်း၊ ရုပ်ပွား ဆင်းတု များကို ပင့်ဆောင်ရန်သုံးစွဲသည့် ယာဉ်တွင်သော်လည်းကောင်း ထုဆစ်ခြင်း၊ ထွင်းခြင်း၊ ဆေးရေးခြယ်ခြင်း တစ်ခုခုပြုထားသော သို့မဟုတ် အခြားနည်းဖြင့် ပုံသဏ္ဌာန်ပြုထားသော ရုပ်ပုံတစ်ခုခုနှင့် ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာကိစ္စအလို့ငှာ ထားရှိသော သို့မဟုတ် သုံးစွဲသော ရုပ်ပုံတစ်ခုခုနှင့်ဖြစ်စေ သက်ဆိုင် ခြင်းမရှိစေရ။