ပုဒ်မ ၄၉၅
ပုဒ်မ ၄၉၅
အမှုစွဲဆိုခြင်းကို ဆောင်ရွက်ရန် ခွင့်ပြုချက်

(၁) မည်သည့်အမှုကိုမဆို စုံစမ်းစစ်ဆေးလျက်၊ သို့မဟုတ် စစ်ဆေးကြားနာ လျက်ရှိသည့် ရာဇဝတ်တရားသူကြီးတစ်ဦးဦးသည် ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက သတ်မှတ်သည့် ရာထူးအဆင့်အောက်နိမ့်သော ရဲအရာရှိတစ်ဦးတစ်ယောက်မှတစ်ပါး မည်သူကိုမဆို အမှုစွဲဆိုခြင်းကို ဆောင်ရွက်ခွင့်ပြုနိုင်သည်။ သို့ရာတွင် ရှေ့နေချုပ်၊ အစိုးရရှေ့နေ၊ သို့မဟုတ် ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက ယေဘုယျအားဖြင့်ဖြစ်စေ၊ အထူးအားဖြင့်ဖြစ်စေ အပ်နှင်းထားသည့် အခြားအရာရှိမှလွဲ၍ မည်သူမျှဆိုခဲ့သည့် ခွင့်ပြုချက်မရှိဘဲ ယင်းကဲ့သို့ စွဲဆိုဆောင်ရွက်ခွင့် မရှိစေရ။

(၂) ဆိုခဲ့သည့် အရာရှိမျိုးတွင် ပုဒ်မ ၄၉၄ ၌ ပြဋ္ဌာန်း ထားသည့်အတိုင်း အမှုကို ရုပ်သိမ်းနိုင်သော အလားတူ အာဏာရှိစေရမည်။ ထို့ပြင် ထိုပုဒ်မပါ ပြဋ္ဌာန်းချက်များသည် ဆိုခဲ့သည့် အရာရှိက ပြုလုပ်သည့် မည်သည့်အမှုရုပ်သိမ်းခြင်းနှင့်မဆို သက်ဆိုင်စေရမည်။

(၃) အမှုစွဲဆိုဆောင်ရွက်သည့် မည်သူမဆို ကိုယ်တိုင်ဖြစ်စေ၊ ရှေ့နေတစ်ဦးဖြင့် ဖြစ်စေ ဆောင်ရွက်နိုင်သည်။

(၄) ရဲအရာရှိတစ်ဦးသည် တရားခံကို စွဲဆိုထားသည့် ပြစ်မှုနှင့် စပ်လျဉ်း၍ စုံစမ်းထောက်လှမ်းရာ၌ ပါဝင်ခဲ့လျှင် ထိုရဲအရာရှိကို အမှုစွဲဆိုဆောင်ရွက်ခွင့်မပြုရ။