ပုဒ်မ ၉၈
ပုဒ်မ ၉၈
ခိုးရာပါပစ္စည်း၊ လိမ်လည်အတုပြုလုပ်ထားသော စာတမ်းအမှတ်အသားများ စသည်တို့ရှိနေကြောင်း မသင်္ကာဖွယ်ရာ နေအိမ်တွင် ရှာဖွေခြင်း

(၁) ခရိုင်ရာဇဝတ်တရားသူကြီး၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် ပထမတန်း အာဏာရ တရားသူကြီးက သတင်းရ၍ မိမိလိုအပ်သည်ဟု ထင်မြင်သည့် အတိုင်း စုံစမ်းစစ်ဆေးပြီးနောက် တစ်စုံတစ်ခုသော နေရာကို ခိုးရာပါပစ္စည်းထားသိုရာ သို့မဟုတ် ရောင်းချရာနေရာအဖြစ် အသုံးပြုနေသည်ဟု ယုံကြည်ရန် အကြောင်းရှိလျှင်

သို့မဟုတ် လိမ်လည်အတုပြုလုပ်ထားသော စာရွက်စာတမ်းအမှတ်အသားများ၊ တံဆိပ် တုများ၊ တံဆိပ်ခေါင်း အတုများ၊ ဒင်္ဂါးအတုများ၊ ဒင်္ဂါး သို့မဟုတ် တံဆိပ်ခေါင်းများကို အတုပြုလုပ် သည့်ကိရိယာများ၊ ပစ္စည်းများထားသိုရာ သို့မဟုတ် ရောင်းချရာ နေရာ အဖြစ် အသုံးပြုနေ သည်ဟု ယုံကြည်ရန်အကြောင်းရှိလျှင် -

သို့မဟုတ် အတုပြုလုပ်ထားသော စာတမ်းအမှတ်အသားများ၊ တံဆိပ်တုများ၊ တံဆိပ် ခေါင်း အတုများ၊ ဒင်္ဂါး အတုများ သို့မဟုတ် ဒင်္ဂါးတုများနှင့် တံဆိပ်ခေါင်း အတုများ ပြုလုပ်သည့် ကိရိယာများ၊ ထိုပစ္စည်းများကို တစ်နေရာတွင် ထားသိုသည်ဟု ယုံကြည်ရန် အကြောင်းရှိလျှင် -


သို့မဟုတ် ခရိုင်ရာဇဝတ်တရားသူကြီး တစ်ဦးကဖြစ်စေ၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး တစ်ဦးကဖြစ်စေ သတင်းရ၍ မိမိလိုအပ်သည်ဟု ထင်မြင်သည့်အတိုင်း စုံစမ်းစစ်ဆေး ပြီးနောက် တစ်စုံတစ်ခုသောနေရာကို ရာဇသတ်ကြီး ပုဒ်မ ၂၉၂ တွင် ရည်ညွှန်းထားသည့် ညစ်ညမ်းသော အရာဝတ္ထု တစ်စုံတစ်ရာထားသိုရာ၊ ရောင်းချရာ သို့မဟုတ် ထုတ်လုပ်ရာ နေရာအဖြစ် အသုံးပြု နေသည်ဟု ယုံကြည်ရန် အကြောင်းရှိလျှင် သို့မဟုတ် အဆိုပါ ညစ်ညမ်းသော အရာဝတ္ထုများ တစ်နေရာရာတွင် သိမ်းဆည်းထားသည်၊ အပ်နှံထားသည် ဟု ယုံကြည်ရန် အကြောင်းရှိလျှင်-

ရဲသားထက် အဆင့်မြင့်သော မည်သည့် ရဲအရာရှိကိုမဆို ဝရမ်းဖြင့် အောက်ပါတို့ကို ဆောင်ရွက်ရန် အခွင့်အာဏာ အပ်နှင်းနိုင်သည် -

(က) အဆိုပါနေရာကို လိုအပ်သည့်အကူအညီများဖြင့် ဝင်ရောက်ရန်၊ ၎င်းပြင်

( ခ ) ဝရမ်းစာတွင် သတ်မှတ်ဖော်ပြထားသည့်အတိုင်း ထိုနေရာတွင် ရှာဖွေရန်၊ ၎င်းပြင်

( ဂ ) ထိုနေရာတွင် တွေ့ရှိရပြီး ခိုးရာပါပစ္စည်းဖြစ်ကြောင်း၊ တရားမဝင်ရရှိထားကြောင်း၊ လိမ်လည် အတုပြုလုပ်ထားကြောင်းဖြင့် သင်္ကာမကင်းဖြစ်ရန် ယုတ္တိတန်သည့် ပစ္စည်း၊ စာတမ်း အမှတ်အသားများ၊ တံဆိပ်၊ တံဆိပ်ခေါင်းများ သို့မဟုတ် ဒင်္ဂါးများ စသည်တို့အပြင် အထက်ပါ ကိရိယာများနှင့်ပစ္စည်းများ သို့မဟုတ် ညစ်ညမ်းသည့် အရာဝတ္ထုများ စသည် တို့ကို လက်ရောက်သိမ်းယူရန် ၊ ၎င်းပြင်

(ဃ) အဆိုပါပစ္စည်းများ၊ စာတမ်းအမှတ်အသားများ၊ တံဆိပ်ခေါင်းများ၊ ဒင်္ဂါးများ၊ ကိရိယာများ၊ အရာဝတ္ထုများ သို့မဟုတ် အဆိုပါ ညစ်ညမ်းသောအရာဝတ္ထုများကို တရားသူကြီး တစ်ဦး ရှေ့သို့ ပို့ဆောင်ပေးရန် သို့မဟုတ် ပြစ်မှုကျူးလွန်သူကို တရားသူကြီး ရှေ့သို့ ခေါ်ဆောင်မသွားနိုင်မီ အဆိုပါပစ္စည်းများကို တွေ့ရှိသည့် နေရာတွင် ထိန်းသိမ်း စောင့်ရှောက်ထားရန် သို့မဟုတ် လုံခြုံသည့်နေရာတွင် ထိုပစ္စည်း များကို အခြားနည်းဖြင့် စီစဉ်ထားရှိရန်၊ ၎င်းပြင်

(င) ဆိုခဲ့သည့် နေရာတွင် တွေ့ရှိပြီး ထိုပစ္စည်းများ၊ စာတမ်းအမှတ်အသားများ၊ တံဆိပ်များ၊ တံဆိပ်ခေါင်းများ၊ ဒင်္ဂါးများ၊ ကိရိယာများ သို့မဟုတ် အရာဝတ္ထုများ သို့မဟုတ် ညစ်ညမ်း သော အရာဝတ္ထုများသည် ခိုးရာပါ သို့မဟုတ် အခြားနည်းဖြင့် တရားမဝင် ရရှိထားကြောင်း သို့မဟုတ် အဆိုပါ စာတမ်းအမှတ်အသားများ၊ တံဆိပ် များ၊ တံဆိပ်ခေါင်းများ၊ ဒင်္ဂါးများ၊ ကိရိယာများ သို့မဟုတ် အရာဝတ္ထု များသည် လိမ်လည် အတုပြုလုပ်ထားကြောင်း သို့မဟုတ် လိမ်လည်တုပထားကြောင်း သို့မဟုတ် အဆိုပါ ကိရိယာများ၊ အရာဝတ္ထုများမှာ ဒင်္ဂါးတုများ၊ တံဆိပ်တုများ ပြုလုပ်ရာတွင်ဖြစ်စေ၊ လိမ်လည်အတုပြု လုပ်ရာတွင်ဖြစ်စေ အသုံးပြုရန် ရည်ရွယ် ခဲ့သော သို့မဟုတ် ရည်ရွယ်ထားသော ပစ္စည်း ကိရိယာများဖြစ်ကြောင်း သို့မဟုတ် အဆိုပါညစ်ညမ်းသော အရာဝတ္ထုများသည် ရောင်းချရန်၊ ငှားရမ်းရန်၊ ဖြန့်ချိရန်၊ အများ ပြည်သူရှေ့မှောက်တွင် ပြသရန်၊ ဖြန့်ဝေရန်၊ တင်သွင်းရန် သို့မဟုတ် တင်ပို့ရန်ရည်ရွယ်ခဲ့သော သို့မဟုတ် ရည်ရွယ်ထားသောအရာဝတ္ထုများဖြစ်ကြောင်း သိလျက်နှင့် ဖြစ်စေ သို့မဟုတ် ထိုသို့ဖြစ်နိုင်ကြောင်း သင်္ကာမကင်းစရာ အကြောင်း ရှိလျက်နှင့်ဖြစ်စေ အဆိုပါပစ္စည်းကိရိယာများထားသိုရာ၊ ရောင်းချရာ၊ ထုတ်လုပ်ရာ သို့မဟုတ် သိမ်းဆည်းရာ တို့တွင် ပါဝင်ပတ်သက်ရန် လက္ခဏာရှိသူတိုင်းကို ဖမ်းဆီးပြီး တရားသူကြီး တစ်ဦး၏ ရှေ့မှောက်သို့ ပို့ဆောင်ပေးရန်။

(၂) ဤပုဒ်မတွင် -

(က) အတုပြုထားသည့် ဒင်္ဂါး၊

( ခ ) အတုပြုလုပ်ထားကြောင်း သင်္ကာမကင်းဖွယ်ရာရှိသည့် ဒင်္ဂါးနှင့်

( ဂ ) ဒင်္ဂါးများကို အတုပြုလုပ်ရန် ကိရိယာများ သို့မဟုတ် အရာဝတ္ထုများနှင့် စပ်လျဉ်း၍ ပါရှိသည့် ပြဋ္ဌာန်းချက်များသည် အောက်ပါတို့နှင့် သက်ဆိုင်နိုင်သမျှ သက်ဆိုင် စေရမည်

(က) ငွေသုံးသတ္တု အက်ဥပဒေကို ကျူးလွန်၍ ခတ်လုပ်ထားသော သတ္တုအပိုင်းအစများ သို့မဟုတ် ပင်လယ်အကောက်ခွန် အက်ဥပဒေ ပုဒ်မ ၁၉ အရ တည်ဆဲဖြစ်သော အမိန့်ကြော်ငြာစာ တစ်ခုခုကို ကျူးလွန်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းသို့ သွင်းယူခဲ့သည့် သတ္တုအပိုင်းအစများ၊

(ခ) ဆိုခဲ့သည့်အတိုင်း ခတ်လုပ်ထားကြောင်း သို့မဟုတ် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် အတွင်းသို့ ဆိုခဲ့သည့်အတိုင်း သွင်းယူခဲ့ကြောင်း သို့မဟုတ် ဆိုခဲ့သည့် အက်ဥပဒေ များကို ကျူးလွန်၍ ထုတ်သုံးရန် ရည်ရွယ်ကြောင်း သင်္ကာမကင်းရန်ရှိသည့် သတ္တုအပိုင်း အစများနှင့်

(ဂ) ထိုအက်ဥပဒေကို ကျူးလွန်ပြီး သတ္တုအပိုင်းအစများ ပြုလုပ်ရန်အတွက် ကိရိယာများ သို့မဟုတ် အရာဝတ္ထုများ။