(၁) လူသတ်ဓားပြဖြစ်ခြင်း၊ လူသတ်ဓားပြဖြစ်ပြီး လူသတ်မှုကို ကျူးလွန်သည့်ပြစ်မှု၊ ဓားပြတိုက်မှုကို ကျူးလွန်သည့်ပြစ်မှု၊ လူသတ်မှုပါသော ဓားပြတိုက်မှုကို ကျူးလွန်သည့်ပြစ်မှု၊ ဓားပြဂိုဏ်း တစ်ခုတွင် ပါ၀င်ခဲ့သည့် ပြစ်မှု သို့မဟုတ် အချုပ်မှ ထွက်ပြေးခဲ့သည့်ပြစ်မှုကို ယင်းပြစ်မှု ကျူးလွန်ခဲ့သည်ဟု စွဲဆိုခြင်းခံရသူ ရောက်ရှိသောနယ်မြေအတွင်း စီရင်ပိုင်ခွင့် အာဏာရှိသော တရားရုံးက စုံစမ်း စစ်ဆေး သို့မဟုတ် စစ်ဆေးစီရင်နိုင်သည်။
ပြစ်မှုမကင်းသော ပစ္စည်းအလွဲသုံးစားမှုနှင့် ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု
(၂) ပြစ်မှုမကင်းသော ပစ္စည်းအလွဲသုံးစားမှု သို့မဟုတ် ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ယင်းပြစ်မှုဖြစ်ရသည့် ပစ္စည်းအနက် မည်သည့်အစိတ်အပိုင်းကိုမဆို စွပ်စွဲခံရသူ လက်ခံရာ သို့မဟုတ် ဆက်လက်ထားရှိရာ နယ်မြေအတွင်း စီရင်ပိုင်ခွင့် အာဏာရှိသော တရားရုံး ကဖြစ်စေ၊ ယင်းပြစ်မှုကျူးလွန်ရာ နယ်မြေအတွင်း စီရင်ပိုင်ခွင့် အာဏာရှိသည့် တရားရုံးကဖြစ်စေ စုံစမ်းစစ်ဆေး သို့မဟုတ် စစ်ဆေးစီရင်နိုင်သည်။
ခိုးမှု
(၃) ခိုးမှု သို့မဟုတ် ခိုးမှုပါဝင်သောပြစ်မှု သို့မဟုတ် ခိုးရာပါပစ္စည်းလက်ဝယ်ထားရှိခြင်း ပါဝင် သော ပြစ်မှုကို ယင်းပြစ်မှုကျူးလွန်ရာ နယ်မြေအတွင်း စီရင်ပိုင်ခွင့်အာဏာရှိသော တရား ရုံးကဖြစ်စေ ခိုးသူ သို့မဟုတ် ခိုးရာပါ ပစ္စည်းဖြစ်မှန်း သိရှိသူ သို့မဟုတ် သိရှိရန် အကြောင်းရှိသူ တစ်ဦးတစ်ယောက်က ယင်းခိုးရာပါပစ္စည်းကို လက်ဝယ်ထားရာ သို့မဟုတ် လက်ခံရရှိရာ သို့မဟုတ် ဆက်လက်ထားရှိရာ နယ်မြေအတွင်း စီရင်ပိုင်ခွင့် အာဏာရှိသော တရားရုံးကဖြစ်စေ စုံစမ်းစစ်ဆေး သို့မဟုတ် စစ်ဆေးစီရင်နိုင်သည်။
လူခိုးမှုနှင့် လူကိုသွေးဆောင် ဆွဲခေါ်မှု
(၄) လူခိုးမှု သို့မဟုတ် လူကိုသွေးဆောင်ဆွဲခေါ်မှုကို ခိုးယူခြင်းခံရသူ သို့မဟုတ် သွေးဆောင် ဆွဲခေါ်ခြင်းခံရသူ အခိုးခံရသည့်နယ်မြေ သို့မဟုတ် သွေးဆောင်ဆွဲခေါ်ခြင်းခံရသည့် နယ်မြေ သို့မဟုတ် ဆောင်ယူသွားခြင်း ခံရသည့်နယ်မြေ သို့မဟုတ် ငှက်သိမ်းရာ နယ်မြေ သို့မဟုတ် ထိန်းသိမ်းထားရာ နယ်မြေတွင် စီရင်ပိုင်ခွင့်အာဏာရှိသည့် တရားရုံးက စုံစမ်းစစ်ဆေး သို့မဟုတ် စစ်ဆေးစီရင်နိုင်သည်။