ပုဒ်မ ၃၈၈
ပုဒ်မ ၃၈၈
ထောင်ဒဏ်ပြစ်ဒဏ်ကို အတည်ပြုလုပ်ရန် ဆိုင်းငံ့ထားခြင်း

(၁) ပြစ်မှုကျုးလွန်သူတစ်ဦးအပေါ် ငွေဒဏ်သက်သက်သာ ချမှတ်သည့်အခါ၊ (သို့မဟုတ် ရုံးတက်ရုံးဆင်း ထောင်ဒဏ်တစ်ရက်အပြင် ငွေဒဏ်ပါ ချမှတ်သည့်အခါ)၊ ထို့ပြင် ဒဏ်ငွေမပေးဆောင်နိုင် ပျက်ကွက်၍ ထောင်ဒဏ်ချမှတ်သည့်အခါ၊ ထို့ပြင် ထိုဒဏ်ငွေကို ချက်ချင်းမပေးဆောင် ပျက်ကွက်သည့်အခါတွင် တရားရုံးက-

(က) ငွေဒဏ်အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း သုံးဆယ်ထက် မကျော်လွန်သော နေ့တစ်နေ့၊ သို့မဟုတ် ထိုနေ့မတိုင်မီ တစ်လုံးတစ်ခဲတည်းဖြစ်စေ၊ နှစ်ရစ်၊ သို့မဟုတ် သုံးရစ်ခွဲ၍ဖြစ်စေ ပေးဆောင်ရမည်ဟု အမိန့်ချမှတ်ရမည်။ အရစ်ကျပေးဆောင်လျှင်လည်း ပထမအရစ်ကို အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်းသုံးဆယ် မကျော်လွန်မီနေ့တစ်နေ့ သို့မဟုတ် ထိုနေ့မတိုင်မီ ပေးဆောင်စေရန်နှင့် အခြားအရစ်၊ သို့မဟုတ် အရစ်များကို တစ်ရစ်နှင့် တစ်ရစ် ရက်ပေါင်းသုံးဆယ် ထက်မပိုသော ကြားကာလ၊ သို့မဟုတ် ကြားကာလများတွင် သက်ဆိုင်ရာရာအရ ပေးဆောင်ရမည်ဟု အမိန့်ချမှတ် နိုင်သည်၊

( ခ ) ငွေဒဏ်၊ သို့မဟုတ် ယင်းငွေဒဏ်၏အရစ်ကျငွေများကို ပေးဆောင် ရန်နေ့ရက်၊ သို့မဟုတ် နေ့ရက်များတွင်၊ သို့မဟုတ် နေ့များမတိုင်မီ တရားရုံးသို့ ရောက်ရှိရန်အတွက် အာမခံသူနှင့်ဖြစ်စေ၊ အာမခံသူ မပါဘဲဖြစ်စေ တရားရုံးက သင့်သည်ထင်မြင်သည့် စည်းကမ်းချက်အတိုင်း ပြစ်မှုကျုးလွန်ထားသူက ခံဝန်ချုပ် ချုပ်ဆိုလျှင် ထောင်ဒဏ်စီရင်ချက် အတည်ပြုခြင်းကို ဆိုင်းငံ့၍ ပြစ်မှုကျူးလွန်သူအား လွှတ်ထားနိုင်သည်။ ငွေဒဏ် တစ်ရပ်ကိုဖြစ်စေ၊ ၎င်းငွေဒဏ်၏ အရစ်ကျတစ်ရစ်ရစ်ကိုဖြစ်စေ အမိန့်အရ ပေးဆောင်ရမည့် နောက်ဆုံးနေ့ရက်၌သော်လည်းကောင်း၊ ၎င်းနေ့ရက်မတိုင်မီသော်လည်းကောင်း မရလျှင် ထောင်ဒဏ်ပြစ်ဒဏ်ကို ချက်ချင်းအတည်ပြုစေရန် တရားရုံးက ညွှန်ကြားနိုင်သည်။

(၂) ငွေဒဏ်ပေးဆောင်ရန် အချိန်ချမှတ်၍ ၎င်းငွေဒဏ်ကို တောင်းခံမရလျှင် ထောင်ဒဏ်စီရင်နိုင်သည့် ကိစ္စနှင့် ငွေဒဏ် ချက်ချင်း မပေးဆောင်နိုင်သည့် ကိစ္စတွင်မဆို ပုဒ်မခွဲ (၁) ပါပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။ ထို့ပြင် ထိုသို့ အမိန့်ချမှတ်ခြင်းခံရသူသည် ၎င်းပုဒ်မခွဲတွင် ရည်ညွှန်းထားသည့်အတိုင်း ခံန်ချုပ်ကို ချုပ်ဆိုရန် ဆင့်ဆိုခြင်းခံရသည်တွင် ထိုသို့ချုပ်ဆိုရန်ပျက်ကွက်ပါက တရားရုံးသည် ထောင်ဒဏ်ပြစ်ဒဏ်ကို ချက်ချင်းချမှတ်နိုင်သည်။