(၁) တရားလွှတ်တော်၊ သို့မဟုတ် စက်ရှင်တရားရုံးကသာ စစ်ဆေးစီရင်ပိုင် ခွင့်ရှိသော ပြစ်မှုတစ်စုံတစ်ရာတွင်ဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ်စီရင်နိုင်သော ပြစ်မှတစ်စုံ တစ်ရာတွင်ဖြစ်စေ၊ ခုနစ်နှစ်ထိ ထောင်ဒဏ်စီရင်နိုင်သော ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၁၁ အရ ပြစ်ဒဏ်ထိုက်သင့်သည့် ပြစ်မှုတစ်စုံတစ်ရာတွင်ဖြစ်စေ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၁၆ က၊ ၃၆၉၊ ၄၀၁၊ ၄၃၅၊ နှင့် ၄၇၇ က တို့အနက် ပုဒ်မတစ်ခုခုအရ ပြစ်မှုတစ်စုံတစ်ရာတွင်ဖြစ်စေ ခရိုင်ရာဇဝတ်တရားသူကြီး၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် ပထမတန်းအာဏာရရာဇဝတ် တရားသူကြီးတစ်ဦးဦးသည် ပြစ်မှုကို စုံစမ်းထောက်လှမ်းခြင်း၊ သို့မဟုတ် စုံစမ်းစစ်ဆေးခြင်း၊ သို့မဟုတ် စစ်ဆေးစီရင်ခြင်းတို့၏ မည်သည့်အဆင့်၌မဆို ပြစ်မှုတွင်တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ပတ်သက်ခဲ့သည်ဟု ယူဆရသူ၊ သို့မဟုတ် ကြံရာပါဟု ယူဆရသူ တစ်ဦးတစ်ယောက်ထံမှ သက်သေခံချက် ရရှိနိုင်ရန်အလို့ငှာ အဆိုပါပြစ်မှုနှင့်တကွ ယင်းပြစ်မှုကျူးလွန်ရာ၌ အရင်းခံ ကျူးလွန်သူအဖြစ်ဖြင့် သော်လည်းကောင်း၊ အားပေးကူညီသူ အဖြစ်ဖြင့်သော်လည်းကောင်း ပါဝင်ပတ်သက်သူတို့နှင့် စပ်လျဉ်း၍ ထိုသူသိသမျှအကြောင်းခြင်းရာ အလုံးစုံကို မခြွင်းမချန် အမှန်အတိုင်းဖော်ထုတ် ပြောဆိုစေရမည်ဟူသော စည်းကမ်းချက်ဖြင့် ထိုသူကို ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်။
သို့ရာတွင် ပြစ်မှုမှာ စုံစမ်းစစ်ဆေးဆဲ၊ သို့မဟုတ် စစ်ဆေးစီရင်ဆဲဖြစ်လျှင် ခရိုင် ရာဇဝတ်ဘရားသူကြီးမှတစ်ပါး မည်သည့်ပထမတန်းအာဏာရ ရာဇဝတ်တရားသူကြီးကမျှ မိမိ ကိုယ်တိုင်စုံစမ်းစစ်ဆေးနေသော၊ သို့မဟုတ် စစ်ဆေးစီရင်နေသော ရာဇဝတ်တရားသူကြီး မဟုတ်လျှင် ဤပုဒ်မအရ အပ်နှင်းသည့်အာဏာကို မသုံးစွဲရ။ ၎င်းပြင် ပြစ်မှုကို စုံစမ်း ထောက်လှမ်းဆဲဖြစ်လျှင် ပြစ်မှုကို စုံစမ်းစစ်ဆေးရမည့်၊ သို့မဟုတ် စစ်ဆေးစီရင်ရမည့် နေရာဒေသတွင် စီရင်ပိုင်ခွင့် အာဏာရှိသော ရာဇဝတ်တရားသူကြီးတစ်ဦးဦး မဟုတ်သည့်ပြင် ခရိုင်ရာဇဝတ်တရားသူကြီး၏ အခွင့်အမိန့်ကိုရရှိပြီး မဟုတ်ပါက ဆိုခဲ့သော မည်သည့်ရာဇဝတ် တရားသူကြီးကမျှ အဆိုပါအာဏာ ကို မသုံးစွဲစေရ။
(၁ က) ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးသော ရာဇဝတ် တရားသူကြီးတိုင်းသည် မည်သည့်အတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးကြောင်း မိမိ၏ အကြောင်းပြချက်များကို ရေးမှတ်ထားရမည်။
(၂) ဤပုဒ်မအရ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းကို လက်ခံရသူတိုင်းအား ယင်းပြစ်မှုကို အရေးယူသည့်ရာဇဝတ်တရားသူကြီး၏ တရားရုံးတွင် နောက်ထပ် စစ်ဆေး စီရင်မှုရှိခဲ့လျှင် ယင်းစစ်ဆေးစီရင်မှုတွင် သက်သေတစ်ဦးအဖြစ် စစ်မေးရမည်။
(၂ က) လူတစ်ဦးဘစ်ယောက်သည် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းကို လက်ခံခဲ့ပြီးဖြစ်သည့်အပြင် ၎င်းအား ပုဒ်မခွဲ (၂) အရ စစ်ဆေးခဲ့ပြီးသော အမှုတိုင်း၌ မိမိ ရှေ့မှောက်၌ မှုခင်းအားစစ်ဆေးနေသော ရာဇဝတ်တရားသူကြီးက တရားခံသည် ပြစ်မှုတစ်ရပ်ကို ကျုးလွန်ခဲ့ကြောင်း လုံလောက်သည့်ယုံကြည်ထိုက်သော အကြောင်းပြချက်များရှိလျှင် ၎င်းတရားခံကို သက်ဆိုင်ရာရာစက်ရှင်တရားရုံးသို့ဖြစ်စေ၊ တရားလွှတ်တော်သို့ဖြစ်စေ စစ်ဆေးစီရင်ရန်အတွက် တင်ပို့ရမည်။
(၃) ထိုသူကို အာမခံဖြင့်လွှတ်မထားလျှင် ၎င်းကို စစ်ဆေးစီရင်မှုပြီးဆုံးသည်အထိ အချုပ်နှင့်ထားရမည်။