မည်သူမဆို သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ ထိုက်သင့်သော ပြစ်မှုတစ်ခုခု ကျူးလွန်ခြင်းကို လွယ်ကူစေရန် ကြံရွယ်၍သော်လည်းကောင်း၊ လွယ်ကူအောင် မိမိကဖြစ်စေ တန်ရာ သည်ကို သိလျက်နှင့်သော်လည်းကောင်း၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ ဥပဒေနှင့်ဆန့်ကျင်သော ပျက်ကွက်မှုဖြင့် ဖြစ်စေ ထိုပြစ်မှုကို ကျူးလွန်ရန် စီစဉ်ချက်ရှိကြောင်းကို မိမိအလိုအလျောက် ထိမ်ချန်လျှင် သို့မဟုတ် ထိုစီစဉ်ချက်နှင့် စပ်လျဉ်း၍ မမှန်သည် ကိုသိလျက်နှင့်မှန်သည့်အနေဖြင့် မိမိ အလိုအလျောက်ဖော်ပြလျှင် ထိုသူကို အဆိုပါ ပြစ်မှုကျူးလွန်ခြင်းရှိခဲ့လျှင် ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
အဆိုပါ ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့လျှင် သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ် ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ဥပမာ
နေရာ B တွင် ဓားပြတိုက်မည့်အကြောင်းကို A သိလျက်နှင့် ဆန့်ကျင်ဘက်လားရာ နေရာ C တွင် ဓားပြ တိုက်လိမ့်မည်ဟု တရားသူကြီးသို့ မမှန်သတင်းပေး၏။ ဤတွင် ပြစ်မှုကျူးလွန်ခြင်းကို လွယ်ကူစေရန် ကြံရွယ်ချက်နှင့် တရားသူကြီးကို အထင်လွဲမှား အောင်ပြု၏။ ထို့နောက် စီစဉ်ချက် အတိုင်း နေရာ B တွင် ဓားပြတိုက်သည်။ A သည် ဤပုဒ်မအရ ပြစ်ဒဏ်ချမှတ်ခြင်းခံထိုက်သည်။