ပုဒ်မ ၄၇၅
ပုဒ်မ ၄၇၅
ရူးသွပ်သူကို ဆွေးမျိုး၊ သို့မဟုတ် မိတ်ဆွေသို့ စောင့်ရှောက်ပေးအပ်ခြင်း

(၁) ပုဒ်မ ၄၆၆၊ သို့မဟုတ် ပုဒ်မ ၄၇၁ ပါပြဋ္ဌာန်းချက်များအရ ထိန်းသိမ်း ထားခြင်းခံရသူ တစ်ဦးတစ်ယောက်၏ ဆွေမျိုးတစ်ဦးတစ်ယောက်က ဖြစ်စေ၊ မိတ်ဆွေတစ်ဦး တစ်ယောက်ကဖြစ်စေ ဆိုခဲ့သည့်သူကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ရလို၍ ယင်းကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်ခွင့်ပြုရန် နိုင်ငံတော် သမ္မတထံ လျှောက်ထားလာသည့်အခါ ထို့ပြင် ဆိုခဲ့သည့် သူကို -

(က) ကောင်းမွန်စွာကြည့်ရှုစောင့်ရှောက်ပါမည်၊ သူ့ကိုယ်သူဖြစ်စေ အခြားသူတစ်ဦး တစ်ယောက်ကိုဖြစ်စေ အန္တရာယ်မပြုနိုင်အောင် ကာကွယ်တားဆီးပါမည်၊ ထို့ပြင်

(ခ) နိုင်ငံတော်သမ္မတက ညွှန်ကြားသည့်အချိန်၊ ညွှန်ကြားသည့်နေရာ တို့၌ သက်ဆိုင်ရာအရာရှိ၏ စမ်းသပ်မှုကိုခံယူစေရန်အတွက် ခေါ်ဆောင် ပြသပါမည်။ ထို့ပြင်

(ဂ) ပုဒ်မ ၄၆၆ အရ ထိန်းသိမ်းထားခြင်းခံရသူဖြစ်လျှင် သက်ဆိုင်ရာ ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားရုံးသို့ လိုအပ်သည့်အခါ ခေါ်ဆောင်လာပါမည်ဟူ၍ နိုင်ငံတော်သမ္မတက ကျေနပ်လက်ခံ လောက်အောင် အာမခံပေးလျှင် နိုင်ငံတော်သမ္မတက ထိုသူကို ၎င်း၏ဆွေမျိုး၊ သို့မဟုတ် မိတ်ဆွေထံပေးအပ်ရန် အမိန့်ချမှတ်နိုင် သည်။

(၂) ဤသို့ပေးအပ်ခြင်းခံရသူသည် စိတ်ပေါ့သွပ်ခြင်းကြောင့် ခုခံချေပနိုင်စွမ်းမရှိ သည့်အတွက် စစ်ဆေးစီရင်လျက်ရှိသောအမှုကို ရွှေ့ဆိုင်းထားရသည့်ပြစ်မှုဖြင့် စွပ်စွဲခြင်းခံရသူ တရားခံဖြစ်သည့်အပြင် ပုဒ်မခွဲ (၁) အပိုဒ်(ခ) ပါ စမ်းသပ်ကြည့်ရှုသည့်အရာရှိက ဆိုခဲ့သည့် သူသည် ခုခံချေပနိုင်စွမ်းရှိကြောင်း ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားရုံးသို့ သက်သေခံ လက်မှတ်ထုတ်ပေးသည့်အခါ အဆိုပါရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားရုံးက ဆိုခဲ့သည့် တရားခံအားပေးအပ်ထားသည့် ဆွေမျိုး၊ သို့မဟုတ် မိတ်ဆွေထံ တရားခံကို ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားရုံးရှေ့သို့ တင်ပို့ရန် ဆင့်ဆိုရမည်။ ထိုသို့ တင်ပို့လာသောအခါ ရာဇဝတ် တရားသူကြီးသို့မဟုတ် တရားရုံးက ပုဒ်မ ၄၆၈ ပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။ ထို့ပြင် စမ်းသပ်ကြည့်ရှုသည့်အရာရှိ၏ သက်သေခံလက်မှတ်ကို သက်သေခံအဖြစ် လက်ခံထိုက် စေရမည်။