ပြစ်မှုကျူးလွန်ရန်သော်လည်းကောင်း၊ အနိုင်အထက်ပြုမှုကို သုံးစွဲခြင်းဖြင့် အနိုင်အထက်ပြုခြင်း ခံရသောသူအား နစ်နာခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ငြိုငြင်ခြင်းတစ်ခုခုဖြစ်စေရန် ကြံရွယ်၍သော်လည်း ကောင်း၊ ထိုသို့ ဖြစ်စေတန်ရာသည်ကို သိလျက်နှင့် သော်လည်းကောင်း ထိုသူအား ထိုသူ၏ သဘောတူ ချက်ကို မရရှိဘဲ တမင်အနိုင်အထက်ပြုလျှင် အနိုင်အထက်ပြုသူသည် ရာဇဝတ်မကင်းသော အနိုင် အထက်ပြုမှုကို ပြုသည်မည်၏။
ဥပမာများ
(က) Z သည် မြစ်ထဲ၌ ကြိုးဆိုင်း၍ ဆိုက်ကပ်ထားသော လှေတစ်စင်းပေါ်တွင်ထိုင်နေ၏။ A သည် ထိုကြိုးကိုဖြုတ်၍ လှေကိုတမင်မျှောလိုက်၏။ ဤအချက်တွင် A သည် Z အား တမင်ရွေ့လျားစေ၏။ ထိုသို့ ရွေ့လျားစေခြင်းသည် ပြုလုပ်မှုတစ်ခုကို မည်သူကမျှ ထပ်မံ၍ မပြုဘဲနှင့် အရာဝတ္ထုတစ်ခုကို အလိုအလျောက်ရွေ့လျားသွားအောင် A ပြုခြင်းဖြစ်သည်။ ထို့ကြောင့် A သည် Z ကို တမင် အနိုင်အထက်ပြုသည် မည်၏။ Z ၏ သဘောတူချက်မရှိဘဲ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် သော်လည်းကောင်း၊ Z အား ထိခိုက်နစ်နာမှု၊ ကြောက်ရွံ့မှု သို့မဟုတ် စိတ်ငြိုငြင်စေမှု တစ်ခုခု ဖြစ်စေရန် ကြံရွယ်၍သော်လည်းကောင်း ထိုသို့ဖြစ်စေတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ပြုခဲ့သော် A သည် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကို Z အား ပြုသည် မည်၏။
(ခ) Z သည် မြင်းရထားကိုစီးသွားစဉ် A က မြင်းများကို ကြာပွတ်ဖြင့် ရိုက်လိုက်သဖြင့် မြင်းများသည်ပို၍ လျင်မြန်စွာပြေး၏။ ဤအချက်တွင် A သည် တိရိစ္ဆာန်များ၏ ရွေ့လျားခြင်းကို ပြောင်းလဲစေရန် ပြုခြင်းဖြင့် Z ၏ ရွေ့လျားခြင်းကိုလည်း ပြောင်းလဲစေ၏။ ထို့ကြောင့် A သည် Z ကို အနိုင်အထက် ပြုသည်မည်၏။ Z ၏ သဘောတူချက်မရရှိဘဲ Z အား ထိခိုက်နစ်နာမှု၊ ကြောက်ရွံ့မှု သို့မဟုတ် စိတ်ငြိုငြင်စေမှုတစ်ခုခုဖြစ်စေရန် ကြံရွယ်၍သော်လည်းကောင်း ထိုသို့ ဖြစ်စေတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ပြုခဲ့သော် A သည် ရာဇဝတ်မကင်းသော အနိုင်အထက် ပြုမှုကို Z အား ပြုသည်မည်၏။
(ဂ) Z သည် ထမ်းစင်ကိုစီးနေစဉ် A က လုယက်ရန် ကြံရွယ်ချက်နှင့် ထမ်းစင်ထမ်းပိုးကို ဆွဲကိုင်ကာ ရပ်စေ၏။ ဤတွင် A သည်မိမိ၏ ကိုယ်အင်အားဖြင့် Z ၏ ရွေ့လျားခြင်းကို ရပ်စဲစေ၏။ ထို့ကြောင့် A သည် Z ကို အနိုင်အထက် ပြုသည်မည်၏။ ထို့ပြင် A သည် ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန်အလို့ငှာ ထိုပြုလုပ်မှုကို Z က ခွင့်မပြုဘဲ တမင်ပြုသဖြင့် A သည် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကို Z အား ပြုသည်မည်၏။
(ဃ) လမ်းပေါ်တွင် A သည် Z ကို တမင်တွန်း၏။ ဤတွင် A သည် မိမိ၏ ကိုယ်အင်အားဖြင့် မိမိကိုယ်ကို Z နှင့်တွေ့ထိစေရန် ရွေ့လျား၏။ ထို့ကြောင့် A သည် Z အား တမင်အနိုင်အထက်ပြုသည် မည်၏။ ထို့ပြင် Z ၏ သဘောတူချက်မရရှိဘဲ Z အား ထိခိုက်နစ်နာမှု၊ ကြောက်ရွံ့မှု သို့မဟုတ် စိတ်ငြိုငြင်မှု တစ်ခုခု ဖြစ်စေရန် ကြံရွယ်၍သော်လည်းကောင်း၊ ထိုသို့ ဖြစ်စေတန်ရာသည်ကို သိလျက်နှင့် သော်လည်းကောင်း ပြုခဲ့သော် A သည် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကို Z အား ပြုသည်မည်၏။
(င) Z ကိုဖြစ်စေ၊ Z ၏ အဝတ်အစားများကိုဖြစ်စေ၊ Z ဆောင်ယူလာသော အရာဝတ္ထုတစ်ခုခုကိုဖြစ်စေ ထိမှန်စေရန်ကြံရွယ်၍သော်လည်းကောင်း၊ ထိမှန်စေတန်ရာသည်ကို သိလျက်နှင့် သော်လည်းကောင်း ခဲသည် ရေကိုထိ၍ Z ၏ အဝတ်များကိုဖြစ်စေ၊ Z ဆောင်ယူလာသော အရာဝတ္ထုတစ်ခုခုကိုဖြစ်စေ ရေစင်စေရန် ကြံရွယ်၍ သော်လည်းကောင်း၊ ထိုသို့ ရေစင်စေတန်ရာ သည်ကို သိလျက်နှင့်သော်လည်း ကောင်း A သည် ခဲတစ်လုံးကို ပစ်လိုက်၏။ ဤတွင် ခဲပစ်ခြင်းကို အကြောင်းပြု၍ အရာဝတ္ထုတစ်ခုခုသည် Z ကိုဖြစ်စေ၊ Z ၏ အဝတ်များကိုဖြစ်စေ ထိမှန်လျှင် A သည် Z ကို အနိုင်အထက်ပြုသည်မည်၏။ ထို့ပြင် Z ၏ သဘောတူချက် မရရှိဘဲ Z အား ထိခိုက်နစ်နာမှု၊ ကြောက်ရွံ့မှု သို့မဟုတ် စိတ်ငြိုငြင်မှုတစ်ခုခု ဖြစ်စေရန် ကြံရွယ်၍ ပြုလျှင် A သည် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကို Z အား ပြုသည်မည်၏။
(စ) A သည် မိန်းမတစ်ဦး၏ မျက်နှာခြုံလွှာကို တမင်ဆွဲဖွင့်လိုက်၏။ ဤတွင် A သည် ထိုမိန်းမကို တမင် အနိုင်အထက်ပြုသည် မည်၏။ ထို့ပြင် ထိုမိန်းမ၏ သဘောတူချက်မရရှိဘဲ ထိုမိန်းမအား ထိခိုက်နစ်နာမှု၊ ကြောက်ရွံ့မှု သို့မဟုတ် စိတ်ငြိုငြင်မှုတစ်ခုခုဖြစ်စေရန် ကြံရွယ်၍သော်လည်းကောင်း၊ ထို့သို့ ဖြစ်စေ တန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ပြုလျှင် A သည် ရာဇဝတ်မကင်းသော အနိုင်အထက် ပြုမှုကို ထိုမိန်းမအားပြုသည်မည်၏။
(ဆ) Z ရေချိုးနေစဉ် A သည် ဆူနေမှန်းသိသော ရေကို Z ၏ ချိုးရေအိုးထဲသို့ လောင်းထည့်၏။ ဤအချက်တွင် Z နှင့် တွေ့ထိစေရန်သော်လည်းကောင်း၊ ရေနွေးပူလောင်းထည့်လျှင် Z ၏ အာရုံခံစားမှုကို ဖြစ်ပေါ်စေနိုင်သည့် အခြားရေနှင့် တွေ့ထိစေရန်သော်လည်းကောင်း၊ A သည် မိမိ၏ ကိုယ်အင်အားဖြင့် ရေနွေးပူကို တမင်ရွေ့လျားစေ၏။ ထို့ကြောင့် A သည် Z ကို တမင် အနိုင်အထက်ပြုသည်မည်၏။ ထို့ပြင် Z ၏ သဘောတူချက်မရရှိဘဲ Z အား ထိခိုက်နစ်နာမှု၊ ကြောက်ရွံ့မှု သို့မဟုတ် စိတ်ငြိုငြင်မှု တစ်ခုခု ဖြစ်စေရန် ကြံရွယ်၍သော်လည်းကောင်း၊ ထိုသို့ ဖြစ်စေတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ပြုခဲ့သော် A သည် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကို ပြုသည်မည်၏။
(ဇ) Z ၏ သဘောတူချက်မရရှိဘဲ Z ၏အပေါ်သို့ ခွေးခုန်တက်အောင် A သည် ခွေးကို လှုံ့ဆော်ပေး၏။ ဤတွင် Z အား ထိခိုက်နစ်နာမှု၊ ကြောက်ရွံ့မှု သို့မဟုတ် စိတ်ငြိုငြင်မှုတစ်ခုခုကို ဖြစ်စေရန် ကြံရွယ်၍ A ကပြုလျှင် A သည် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကို Z အား ပြုသည်မည်၏။