(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်လျှင် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဖွဲ့စည်းသည့် ကော်မတီနှင့် အဖွဲ့တို့တွင် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။ ထိုသို့တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၊ လွှတ်တော်ကော်မတီနှင့် အဖွဲ့များတွင် တင်ပြဆွေးနွေးခြင်း၊ ဆောင်ရွက်ခြင်း တို့နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခြင်းမပြုရ၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ရန် ခွင့်ပြုခြင်း သို့မဟုတ် ဖိတ်ကြားခြင်းခံရသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် သော်လည်းကောင်း မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သို့မဟုတ် လွှတ်တော်ကဖွဲ့စည်းသည့် ကော်မတီနှင့်အဖွဲ့များတွင် လွတ်လပ်စွာ ပြောဆိုခွင့်ရှိသည်။ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် လွှတ်တော် သို့မဟုတ် လွှတ်တော်က ဖွဲ့စည်းသည့် ကော်မတီနှင့် အဖွဲ့များတွင် တင်ပြပြောဆိုမှုများနှင့် စပ်လျဉ်း၍ ယင်းအဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခြင်းမပြုရ၊
(ဂ) ပုဒ်မခွဲ (က) နှင့် (ခ) တွင်ပါရှိသောပုဂ္ဂိုလ်များသည် အထက်ပါအခွင့်အရေးများကို ကျင့်သုံးကြရာ တွင် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများရှိခဲ့ပါက ယင်းတို့သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ တည်ဆဲဥပဒေများအရ လည်းကောင်း အရေးယူခြင်းခံရမည်။