ပုဒ်မ ၅၅၆
ပုဒ်မ ၅၅၆
တရားသူကြီး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးကိုယ်တိုင် စိတ်ဝင်စားသည့်အမှု

မည်သည့် တရားသူကြီး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးကမျှ မိမိ၏တရားရုံးမှ အယူခံတက်ရောက်ရသည့် အထက်တရားရုံး၏ ခွင့်ပြုချက်မရဘဲ မိမိကိုယ်တိုင် အမှုသည်အဖြစ် ပါဝင်သော၊ သို့မဟုတ် စိတ်ဝင်စားသော အမှုတစ်စုံတစ်ရာကို စစ်ဆေးစီရင်ခြင်း၊ သို့မဟုတ် စစ်ဆေးစီရင်ရန် လွှဲအပ်တင်ပို့ခြင်း မပြုလုပ်ရ။ ထို့ပြင် မည်သည့် တရားသူကြီး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးကမျှ မိမိချမှတ်ထားသော စီရင်ချက်၊ သို့မဟုတ် အမိန့်တစ်စုံတစ်ရာမှ အယူခံသည့်အမှုကို စစ်ဆေးကြားနာခြင်း မပြုရ။

ရှင်းလင်းချက်။ တရားသူကြီး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီး တစ်ဦးဦးမှာ မြူနီ စီပါယ်မင်းကြီး ဖြစ်သည့်အကြောင်းမျှနှင့်ဖြစ်စေ၊ ပြည်သူတစ်ဦးတစ်ယောက်အဖြစ်ဖြင့် အမှုတွင် တစ်နည်းနည်းပတ်သက်နေသည့် အကြောင်းမျှနှင့်ဖြစ်စေ၊ ပြစ်မှုကျုးလွန်ခဲ့သည်ဟု စွပ်စွဲထားသော နေရာ၊ သို့မဟုတ် အမှုတွင် အရေးပါသည့် ဆောင်ရွက်ချက် တစ်စုံတစ်ရာကို ပြုလုပ်ခဲ့သည်ဟု စွပ်စွဲထားသောနေရာသို့ သွားရောက်ကြည့်ရှုပြီး အမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည့် အကြောင်းမှုနှင့်ဖြစ်စေ ဤပုဒ်မ၏အဓိပ္ပာယ်အရ အမှုတွင် ကိုယ်တိုင် အမှုသည်အဖြစ် ပါဝင်သူဟူ၍ လည်းကောင်း၊ ကိုယ်တိုင်စိတ်ဝင်စားသည်ဟူ၍လည်းကောင်း မှတ်ယူ ခြင်းမရှိစေရ။

ဥပမာများ

A သည် ကော်လိတ္တော်အနေဖြင့် မိမိကြားသိရသည့် သတင်းကို ဆင်ခြင်စဉ်းစားပြီး နောက် B အား ယစ်မျိုးဥပဒေများ ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုစေရန် ညွှန်ကြားခဲ့သည်။ ဤအမှုကို A သည် ရာဇဝတ်တရားသူကြီးအဖြစ်ဖြင့် စစ်ဆေးစီရင်ခွင့်မရှိ။