ပုဒ်မ ၁၆၇
ပုဒ်မ ၁၆၇
စုံစမ်းထောက်လှမ်းခြင်း ၂၄ နာရီအတွင်း မပြီးဆုံးသည့်အခါ လိုက်နာရန်ကျင့်ထုံး

(၁) မည်သည့်အခါမဆို တစ်စုံတစ်ယောက်သောသူအား ဖမ်းဆီး၍ ချုပ်နှောင်ထားပြီးနောက် ပုဒ်မ၆၁အရ သတ်မှတ်ထားသော နှစ်ဆယ့်လေးနာရီကာလအတွင်း၌ စုံစမ်းထောက်လှမ်း ခြင်းကို အပြီးသတ်နိုင်ရန် လက္ခဏာမရှိသည့်အပြင် စွပ်စွဲချက် သို့မဟုတ် သတင်းပေး ချက်သည် ခိုင်လုံသည်ဟု ယုံကြည်ရန် အကြောင်းများရှိသည့်အခါ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းမှူးဖြစ်စေ၊ စုံစမ်းထောက်လှမ်းခြင်းပြုသော ရဲအရာရှိကဖြစ်စေ အောက်တွင် ပြဋ္ဌာန်း ပါရှိသည့်အမှုနှင့် စပ်လျဉ်း၍ နေ့စဉ်မှတ်တမ်းတွင် ရေးသွင်းချက်များ၏ မိတ္တူ တစ်စောင်ကို အနီးဆုံးတရားသူကြီးထံ ချက်ချင်းတင်ပို့ပေးရမည်။ ၎င်းပြင် တစ်ချိန်တည်း တရားခံကို အဆိုပါ တရားသူကြီးထံသို့ တင်ပို့ရမည်။

(၂) ဤပုဒ်မအရ တရားခံကို လက်ခံရရှိသော တရားသူကြီးသည် ထိုအမှုကို စစ်ဆေးစီရင် ပိုင်ခွင့် အာဏာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အခါအားလျော်စွာ မိမိသင့်သည် ထင်မြင် သည့် အတိုင်း တရားခံအား ချုပ်နှောင်ထားခွင့်ပြုနိုင်သည်။ သို့ရာတွင် ထိုသူမှာ ခုနစ်နှစ် အောက် မနည်းသော ကာလအပိုင်းအခြားအတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ် နိုင်သည့် ပြစ်မှု တစ်ရပ်ဖြင့် စွပ်စွဲခံရလျှင် ထိုသူကို ချုပ်နှောင်ထားခြင်းသည် စုစုပေါင်း ရက်သုံးဆယ်ထက် မပိုစေရ။ ၎င်းပြင် ခုနစ်နှစ်အောက် ကာလအတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်နိုင်သော ပြစ်မှုတစ်ရပ်ဖြင့် စွပ်စွဲခြင်း ခံရသောသူ ဖြစ်လျှင် ထိုသူကို ချုပ်နှောင်ထားခြင်းသည် စုစုပေါင်း တစ်ဆယ့်ငါးရက် ထက် မပိုစေရ။ အဆိုပါ တရား သူကြီးမှာ အမှုကို စစ်ဆေးစီရင် ရန်ဖြစ်စေ၊ စစ်ဆေးစီရင်ရန် အတွက် လွှဲအပ်တင်ပို့ရန် ဖြစ်စေ စီရင်ပိုင်ခွင့်မရှိသည့်အပြင် ဆက်လက် ချုပ်နှောင်ထားရန် မလိုအပ်ဟု ထင်မြင် လျှင် ထိုတရားသူကြီးသည် တရားခံကို စစ်ဆေးစီရင်ပိုင်ခွင့် အာဏာရှိသည့် တရားသူကြီး တစ်ဦးထံ တင်ပို့ရန် အမိန့်ချမှတ် နိုင်သည်။

သို့ရာတွင် မည်သည့်တတိယတန်း အာဏာရတရားသူကြီးကမျှ တရားခံကို ရဲအချုပ် တွင် ချုပ်နှောင်ထားခွင့် မပြုစေရ။

(၃) တရားခံကို ရဲအချုပ်တွင် ထိန်းသိမ်းထားရန် ဤပုဒ်မအရ ခွင့်ပြုသည့် တရားသူကြီး တစ်ဦးသည် ထိုသို့ပြုလုပ်ခြင်းအတွက် မိမိ၏အကြောင်းပြချက်များကို ရေးမှတ်ထား ရမည်။

(၄) အဆိုပါအမိန့်ကို ခရိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် နယ်ပိုင်ရာဇဝတ်တရားသူကြီး မှတစ်ပါး အခြား တရားသူကြီးတစ်ဦးက ချမှတ်လျှင် ထိုတရားသူကြီးသည် မိမိ၏ အမိန့် မိတ္တူတစ်စောင်ကို ထိုအမိန့် ချမှတ်ရခြင်းအတွက် အကြောင်းပြချက်များနှင့်တကွ မိမိ အထက် တရားသူကြီးထံ တင်ပို့ရမည်။